ဂျေရုဆလင်မြို့ကို အစ္စရေးလ်မြို့တော်အဖြစ် ပထမဆုံး အသိအမှတ်ပြုမယ့် အမေရိကန်နိုင်ငံ

c21aa45e3d9f6ef1f8bea92d2490f5abdb25cf50.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရူဆလင်ကို အစ္စရေးလ်ရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတော့မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် အကြီးတန်း တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထရမ့်ဟာ ဒီ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို မကြာခင်အတွင်းမှာ ကြေညာသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ထရမ့်ဟာ အမေရိကန်သံရုံးကို လက်ရှိ အစ္စရေးလ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တဲလ်အဗစ်မှ ဂျေရူဆလင်မြို့သို့ ပြောင်းရွေ့ရန် စီစဉ်နေတယ် လို့လည်းသိရပါတယ်။

အစ္စရေးလ်နိုင်ငံကတော့ ဒီအပြောင်းအလဲကို ကြိုဆိုခဲ့ပေမဲ့ ပါလက်စတိုင်းနဲ့ အာရပ်ခေါင်းဆောင်များကတော့ အမေရိကန်ရဲ့လုပ်ရပ်ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ပျက်ဆီးစေမယ့် လုပ်ရပ်ဖြစ်တယ်လို့ သတိပေးထားကြပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံကတောင် ဒီပြောင်းလဲမှုဟာ မူဆလင်နိုင်ငံတွေကို ပြောင်ပြောင်တင်းတင်း ရန်စမှုဖြစ်တယ် လို့ပြောဆိုထားပါတယ်။

အစ္စရေးလ်နိုင်ငံဟာ သူတို့ရဲ့ မြို့တော် အဖြစ် ဂျေရုဆလင်မြို့တော်ကို သတ်မှတ်ထားပြီး ပါလက်စတိုင်းကတော့ အရှေ့ ဂျေရုဆလင်ဟာ အနာဂတ် ပါလက်စတိုင်းရဲ့ မြို့တော်ဖြစ်တယ် လို့သတ်မှတ်ထားကြပါတယ်။ တကယ်လို့သာ ဂျေရုဆလင်မြို့ကို အစ္စရေးလ်ရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမယ်ဆိုရင် အမေရိကန်နိုင်ငံဟာ အစ္စရေးလ်နိုင်ငံ စတင်တည်ထောင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစပြီး ယနေ့အချိန်အထိ ဂျေရုဆလင်ကို အစ္စရေးပိုင်မြို့တော်အဖြစ် ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာပါ။

ဂျေရုဆလင်မြို့ပိုင်ဆိုင်ရေးဟာ အစ္စရေးလ်နဲ့ အာရပ်နိုင်ငံတွေကြား ကာလရှည်အငြင်းပွားခဲ့ရတဲ့ ပြဿနာ တစ်ခုဖြစ်ပြီး ဂျေရုဆလင်မြို့တော်ဟာ ယုဒဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေအတွက် အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အစ္စရေးလ်ဟာ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအပြီးမှာ ဂျေရုဆလင်မြို့တော်ကို သူတို့ နယ်နမိတ်ထဲ ပေါင်းထည့်ခဲ့တာ ဖြစ်ပြီး ဂျေရုဆလင်မြို့ဟာ ခွဲခြမ်း၍မရနိုင်ဘူးလို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

၁၉၉၃ အစ္စရေးလ်- ပါလက်စတိုင်း ငြိမ်းချမ်းရေးစာချုပ်ထဲမှာလည်း ဂျေရုဆလင်အရေးကို အခုထိ ဆွေးနွေးလို့ မရသေးပါဘူး။ ဂျေရုဆလင်မြို့တော်အပေါ် အစ္စရေးလ်ရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေးသလို နိုင်ငံတိုင်းကလည်း သူတို့ရဲ့ သံရုံးများအားလုံးကို တဲလ်အဗစ်မှာ အခြေစိုက်ထားကြတာပါ။ အစ္စရေးလ်နိုင်ငံကတော့ ၁၉၆၇ ခုနှစ်ကတည်းက အထူးသဖြင့် ဂျေရုဆလင်မြို့ အရှေ့ခြမ်းမှာ ဂျူးလူမျိုး ၂ သိန်းခန့်ကို နေရာချထားခဲ့ပြီး ဒီလုပ်ရပ်ဟာနိုင်ငံတကာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ နိုင်ငံတော်တော်များများက ဆိုပေမဲ့ အစ္စရေးလ်ကတော့ အမြဲငြင်းဆန်ခဲ့ပါတယ်။

အခုလို အမေရိကန်က ဂျေရုဆလင်ကို အစ္စရေးလ်မြို့တော်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ဒီ ဂျူးအခြေနေထိုင်သူများအားလုံးဟာ တရားဝင် နေထိုင်သူများ ဖြစ်တယ်ဆိုတာကို ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ထရမ့်အစိုးရ အဖွဲ့ဝင်များကတော့ ဂျေရုဆလင်ကို အစ္စရေးလ်မြို့တော် အဖြစ် အသိအမှတ်ပြုခြင်းဟာ အမှန်တရားကို အသိအမှတ်ပြုခြင်းသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဂျေရုဆလင်မြို့တော်ရဲ့ နယ်နမိတ်အရေးတွေနဲ့ သန့်ရှင်းသော မြေနေရာအရေးတွေကတော့ ဆက်လက်ဆွေးနွေးရမယ့် ကိစ္စတွေဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။ ထရမ့်ကိုယ်တိုင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို အမေရိကန်သံရုံး ဂျေရုဆလင်မြို့သို့ပြောင်းရွှေ့ဖို့ ကိစ္စအတွက် တိုက်ရိုက်အမိန့်ပေးနိုင်ပေမဲ့ သံရုံးကိုပြောင်းရွှေ့မယ့်အရေးဟာ လုံခြုံရေး ပြဿနာများကြောင့် နှစ်နဲ့ချီအချိန်ယူရဦးမှာပါ။

ထရမ့်ဟာ သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်တုန်းက ဂျေရုဆလင်မြို့ကို အစ္စရေးလ်နိုင်ငံအဖြစ် အသိအမှတ်ပြုပေးမယ်လို့ အစ္စရေးလ်ထောက်ခံသူတွေကို ကတိပေးခဲ့ဖူးပြီး အခု လုပ်ရပ်ဟာလည်း ရွေးကောက်ပွဲ မဲပေးခဲ့သူတွေအား ပေးခဲ့တဲ့ကတိတွေကို ဖြည့်ဆည်းပေးတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပြီး တခြားသိသာတဲ့ အကြောင်းရင်းတော့ မရှိသေးပါဘူး။

လက်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်အထားဆုံးနေရာတွေကို စောင့်ရှောက်နေရတဲ့ ဂျော်ဒန်နဲ့ ဆော်ဒီအာရေဗျကတော့ ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ မူဆလင်ကမ္ဘာကို ပြင်းပြင်းထန်ထန်လှုံ့ဆော်ဒေါသထွက်စေမယ့် လုပ်ရပ်ဖြစ်လာလိမ့်မယ်လို့ သတိပေးထားတယ် လို့သိရပါတယ်။

Ref : BBC News : US to recognise Jerusalem as Israel’s capital in world first

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top