အီတလီနိုင်ငံ၊ ဖလော်ရင့်မြို့က ပြတိုက်တစ်ခုကို လာလည်တဲ့ အမျိုးသားတစ်ဦးဟာ နှစ် ၃၀၀ သက်တမ်းရှိ ပန်းချီကားကို နောက်ခံထားကာ selfie ရိုက်ဖို့ကြိုးစားရင်း ပန်းချီကားကို ဖျက်ဆီးမိခဲ့ပါတယ်။ ဒီမတော်တဆဖြစ်ရပ်က Uffizi Gallery အနုပညာပြတိုက်မှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဇွန် ၂၂ ရက်နေ့က အီတလီမီဒီယာ ANSA တင်ခဲ့တဲ့ ဗီဒီယိုမှာ selfie ရိုက်ဖို့ ကြိုးစားတဲ့ အမျိုးသားဟာ ပန်းချီကားကို မှီမိပြီး ပန်းချီကားကို ပြဲသွားစေခဲ့တဲ့အခိုက်အတန့်ကို တွေ့ရပါတယ်။ အဲ့ဒီအမျိုးသားက ပုံတစ်ပုံရိုက်ဖို့ Pose ပေးရင်း ဟန်ချက်ပျက်ကာ Tuscany မင်းသား Ferdinand de’ Medici ရဲ့ပုံတူပန်းချီကားကို ထိမိသွားခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပန်းချီဆရာ Anton Domenico Gabbiani က အဲ့ဒီပန်းချီကားကို ၁၇၁၂ ခုနှစ်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ပန်းချီကားကို ပျက်ဆီးစေခဲ့တဲ့ အမျိုးသားကို ပြတိုက်ဝန်ထမ်းတွေက ရဲကို တိုင်ကြားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ပျက်ဆီးမှုက အရမ်းမပြင်းထန်ဘဲ ပြန်ပြင်ဆင်လို့ ရတယ်လို့ ပြတိုက်က ဆိုပါတယ်။ လက်ရှိမှာတော့ ပြန်လည်ပြင်ဆင်ဖို့အတွက် ပန်းချီကားကိုဖြုတ်ထားပါတယ်။
Ref: Italy museum visitor damages 300-year-old painting while trying to take a selfie
WL ( ရိုးရာလေး)