MPT က ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်

IMG_1.jpg

MPT အနေဖြင့် သွေးလှူဒါန်းခြင်းသည် လူ့အသက် ကယ်တင်ခြင်းနှင့် ကျန်းမာရေးအခြေအနေကို ပိုမိုကောင်းမွန်စေသော အခြေခံကျသည့် လိုအပ်ချက် တစ်ရပ် ဖြစ်သည်ဟု ယုံကြည်သောကြောင့် MPT ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင်များ ပါဝင်သည့် စုပေါင်း သွေးလှူဒါန်းမှုများကို ၂၀၁၆ ခုနှစ်မှ စတင်၍ဆောင်ရွက်ခဲ့ပါသည်။ ယခုလည်း ဇွန်လ (၁၄)ရက် နေ့တွင် ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကြိုဆိုသည့်အနေဖြင့် MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် စုစုပေါင်း(၁၀၀) ကျော် ပါဝင်သည့် စုပေါင်းသွေးလှူဒါန်းမှုကို ဇွန်လ (၁၂) ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနတွင် ကျင်းပခဲ့ပါသည်။

နေ့စဥ် လူသန်းပေါင်းများစွာသည် သန့်စင်သောသွေးများကို သွေးသွင်းကုသမှုအတွက် လိုအပ်နေပြီးMPT အနေဖြင့် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ၏ အကူအညီဖြင့် ယခုလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်စွမ်း ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားချက်အရ အမျိုးသားသွေးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သွေးယူနစ်ပေါင်း ၉၀,၀၀၀ ကျော်ဖြန့်ဝေ ပေးခဲ့ပြီး လူနာရှင်များအနေဖြင့် သွေးအလှူရှင်ရှာဖွေရန်နှင့် ကုန်ကျစရိတ် အတွက် စိတ်ပူရန် မလိုအပ်ဘဲ ကုသမှုခံယူနိုင်ခဲ့ပါသည်။

MPT အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သွေးလိုအပ်ချက်ကို အထောက်အပံ့ပြုပေးနိုင်သည့် အဖွဲ့အစည်းတစ်ခု အဖြစ် ပါဝင်နိုင်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပြီး ပြီးခဲ့သည့်နှစ်များအတွင်း စဉ်ဆက်မပြတ် ပါဝင်လှူဒါန်း ခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် မှ စတင်၍ သွေးလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ချိန်မှစတင်ပြီး Covid-19 ကာလမှ လွဲ၍ (၄) လတစ်ကြိမ် သွေးလှူဒါန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင်များ၏ စုပေါင်းအားဖြင့် လက်ရှိအချိန်အထိ သွေးအိတ်ပေါင်း ၁၂,၀၄၈ ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်လည်း အလှူရှင် ၁၀၀ ကျော်မှ လှူဒါန်းသည့် သွေးအိတ်များကို အမျိုးသားသွေးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MPT ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုသည် လူမှုအသိုက်အဝန်းကို ကောင်းမွန်သော အပြောင်းအလဲ/ အကျိုး သက်ရောက်မှုများနှင့် အထောက်အပံ့ပေးနိုင်ရန် စေတနာရှင်များနှင့် ပူပေါင်း လုပ်ဆောင်သည့် ဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် လူမှုအသိုက်အဝန်းကို အကျိုးပြုသည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

“အတူလက်တွဲ အမြဲရှိမည် MPT” ဆိုသည့် ကတိကဝတ်အတိုင်း MPT သည် လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုအဖြစ် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အခြားသော နယ်ပယ်များတွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါအစီအစဉ်များသည် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုင်းအဝိုင်းများအတွက် မရှိမဖြစ် လိုအပ်သော ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းအားဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။

သွေးလှူဒါန်း၍ လူအများ၏ အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top