ဦးနှောက်သေသွားပြီဆိုတဲ့ အမျိုးသားကို သားသမီးတွေနဲ့ဆော့တဲ့ ဗီဒီယိုပြပြီးနောက် ခြေထောက်လှုပ်ရှားလာ

9-9-2022yyl06.jpg

ဆရာဝန်တွေက ဦးနှောက်သေသွားပြီလို့ သတ်မှတ်ထားသူတစ်ယောက်ဟာ သူ့သားသမီးတွေနဲ့အတူ ကစားခဲ့တဲ့ ဗီဒီယို ဖွင့်ပြပြီးနောက်မှာ ခြေထောက်တစ်ဖက် ပြန်လည်လှုပ်ရှားလာပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ်က သင်းအုပ်ဆရာ ရိုင်ယန်မာလောဟာ ရှားပါးတဲ့ ဘက်တီးရီးယားပိုးဝင်မှုကြောင့် အရေးပေါ် ကုသမှု ခံယူခဲ့ရတာပါ။ ဒါပေမဲ့ သူ့ရောဂါအခြေအနေ ပိုဆိုးလာပြီး သြဂုတ်လ ၂၇ ရက်မှာတော့ ရိုင်ယန်မာလော ဦးနှောက်သေသွားပြီလို့ ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ရိုင်ယန်မာလောက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ကတိပြုထားလို့ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးဖို့ ကိုက်ညီသူတွေကို ရှာဖွေနေချိန်မှာ အသက်ကယ်စက် တပ်ထားပေးမယ်လို့ ဆရာဝန်က ဆိုပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာတော့ မီဂန်ရဲ့မိသားစုတွေက ရိုင်ယန်မာလောကို နှုတ်ဆက်ဖို့ ဆေးရုံကို ရောက်လာခဲ့ကြပါတယ်။ မီဂန်မာလောက လက်ကို နမ်းလိုက်ချိန်မှာ ရိုင်ယန်မာလောရဲ့ နှလုံးခုန်နှုန်း မြင့်တက်သွားတာကို ဆရာဝန်တွေ သတိထားမိခဲ့ပါတယ်။

မီဂန်ရဲ့တူမလေးက ရိုင်ယန်မာလောနားသွားပြီး သူ့သားသမီးတွေနဲ့ ကစားခဲ့တဲ့ ဗီဒီယိုကို ဖွင့်ပေးထားချိန်မှာ ရိုင်ယန်မာလောရဲ့ ခြေထောက်တစ်ဖက် လှုပ်လာခဲ့တာပါ။ စစချင်းမှာ မီဂန်မာလောက ဒီအကြောင်းကို မယုံခဲ့ပါဘူး။ ဦးနှောက်သေသွားလို့ ခန္ဓာကိုယ်တွန့်လိမ်သွားတာမျိုး ဖြစ်မယ်လို့ပဲ ထင်ခဲ့တာပါ။ နောက်တော့ ရိုင်ယန်နဲ့ ၂ ယောက်တည်း ရှိနေချင်တယ်လို့ ဆရာဝန်တွေ၊ သူနာပြုတွေကို မီဂန်က ခွင့်တောင်းခဲ့ပါဘူး။ ၂ ယောက်တည်း ရှိနေချိန်မှာ သူတို့ဘဝရဲ့ ပျော်စရာအခိုက်အတန့်တွေအကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီအချိန်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လက်ခံရယူမယ့်အဖွဲ့အစည်းကလည်း ဆေးရုံအခန်း အပြင်ဘက်မှာ စောင့်နေကြပါပြီ။ တကယ်လို့ အသက်ရှင်နေသေးတယ်ဆိုရင်တော့ ဒီတိုက်ပွဲကို ဆက်တိုက်ဖို့ လိုလိမ့်မယ်လို့ မီဂန်မာလောက ရိုင်ယန်ကို ပြောခဲ့ပါသေးတယ်။ ရိုင်ယန်မာလောဆီက လှုပ်ရှားမှု တွေ့ရလို့ သင်္ကာမကင်း ဖြစ်လာတဲ့ မီဂန်က ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထုတ်ယူဖို့ ရပ်ဆိုင်းထားပြီး အမှတ်တကယ် ဦးနှောက် သေတာ ဟုတ်၊ မဟုတ် ပြန်လည်စစ်ဆေးပေးဖို့ ဆေးရုံကို တောင်းဆိုခဲ့ပါတယ်။

နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးရာမှာတော့ ရိုင်ယန်မာလောက ဦးနှောက်သေသွားတာ မဟုတ်ပါဘူး။ ကိုမာဝင်နေခဲ့တာပါ။ ဒုခ်ဆေးရုံက ရိုင်ယန်မာလောကို လက်ခံကုသပေးဖို့ သဘောတူညီထားပေမဲ့ ဆေးရုံခုတင် မရသေးပါဘူး။ ရိုင်ယန်ရဲ့အစ်မ ရှယ်ရီမီလာကတော့ GoFundMe ပေ့ချ်တစ်ခုထောင်ထားပြီး အလှူငွေကောက်ခံခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၄၇,၀၀၀ ကျော် ရရှိထားပါတယ်။

Ref:Dad-Of-3 Declared Dead Is Shown a Video of His Kids, Starts Moving Moments before Organ Removal

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top