ဂျပန်လက်သည်းအလှဖန်တီးသူ အာရီမိုတိုကတော့ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ တစ်ကိုယ်တော် ကြိုးစားလျက် ရှိပါတယ်။ အာရီမိုတိုဟာ တိုကျိုမြို့တောင်ပိုင်းက ကမ်းခြေမှာ သဲသောင်ပြင်ထဲ မြုပ်နေတဲ့ ပလတ်စတစ်အစိတ်အပိုင်းတွေကို ဇကာတိုက်ပြီး စုဆောင်းပါတယ်။ အဲဒီနောက် ပလတ်စတစ်တွေကို အရည်ဖျော်၊ ပုံသွင်းပြီး လက်သည်းအလှဆင်ရာမှာ ပြန်လည်အသုံးပြုနေတာပါ။
”သမုဒ္ဒရာထဲမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်များနေသလဲဆိုတာကို ကျွန်မမျက်စိနဲ့ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာပါ။ တကယ့်ကို ထိတ်လန့်စရာပါပဲ”လို့ အာရီမိုတိုက ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နှစ်စဉ်နှစ်တိုင်း ပတ်ဝန်းကျင်ကို စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တန်ချိန် သန်း ၂၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ပလတ်စတစ်ပစ္စည်း ထုတ်လုပ်မှုကို ကန့်သတ်မယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ နိုဝင်ဘာလ ၂၅ ရက်ကျရင် ကုလသမဂ္ဂထိပ်သီးအစည်းအဝေး ကျင်းပသွားဖို့ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ပလတ်စတစ်အများဆုံးထုတ်လုပ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ကတော့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့သြဂုတ်လမှာ အချက်ပြခဲ့ပါတယ်။ ဒါဟာ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရေးအတွက် အရေးပါတဲ့အခိုက်အတန့်ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ Greenpeace က ဆိုပါတယ်။
လူမှုဝန်ထမ်းတစ်ဦးဖြစ်တဲ့ အာရီမိုတိုဟာ ကျောရိုးဒဏ်ရာကြောင့် အလုပ်ကနေ နားခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်ကတည်းက သူ့အိမ်မှာ လက်သည်းအလှပြင်ဆိုင် ဖွင့်ထားတာပါ။ သူဟာ ၂၀၂၁ ခုနှစ်ကစပြီး လက်သည်းအလှဖန်တီးရာမှာ သောင်ပြင်က အမှိုက်တွေကို ပြန်လည်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သူဟာ လစဉ်လတိုင်း ဘီးတပ်ကုလားထိုင်နဲ့ သဲသောင်ပြင်ကိုသွားပြီး သေးငယ်တဲ့ ပလတ်စတစ်အစိတ်အပိုင်းတွေကို စုဆောင်းခဲ့တာပါ။
အဲဒီနောက် ဆေးကြောသန့်စင်ပြီး အရောင်ခွဲပါတယ်။ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်အောင် ဖြတ်တောက်ပြီး အရည်ဖျော်ပါတယ်။ ပြီးရင်တော့ ပုံစံခွက်သုံးပြီး အရောင်အသွေးစုံတဲ့ ပလတ်စတစ်ပြားလေးတွေ ဖန်တီးတာပါ။ လက်သည်းတုဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ အဲဒီပလတ်စတစ်ပြား တစ်စုံကို ယန်း ၁၂၇၆၀ (စင်ကာပူဒေါ်လာ ၁၁၀) ဝန်းကျင်နဲ့ ရောင်းချတာ ဖြစ်ပါတယ်။
” ကျွန်မ အခုလိုဖန်တီးတယ်ဆိုတာ လက်သည်းအလှဆင်ရင်းနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို လူတွေ ပိုသတိထားမိလာအောင် လုပ်တာပါ”လို့ အာရီမိုတိုက ဆိုပါတယ်။
Ref: Japanese manicurist takes on plastic pollution, one nail at a time
NZ ( ရိုးရာလေး)