ဆူနာမီလှိုင်းလုံးကြီးနဲ့ မျောပါသွားခဲ့တဲ့ မသန်စွမ်းအမျိုးသား ၂၇ နာရီကြာ ရေကူးပြီး ဘေးလွတ်ရာကို ရောက်ရှိ

20-2-2022-yyl1.jpg

ဆူနာမီလှိုင်းလုံးကြီးတွေ တိုက်ခတ်ချိန်မှာ သမုဒ္ဒရာထဲ မျောပါသွားခဲ့တဲ့ တွန်ဂါနိုင်ငံသား မသန်စွမ်း အမျိုးသားတစ်ဦးဟာ ၈ မိုင်အကွာအဝေးကို ၂၇ နာရီကြာ ရေကူး သွားနိုင်ခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်လာခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ လီဆာလာဟာ အရင်တုန်းက လက်သမားအလုပ် လုပ်ခဲ့သူပါ။ ပြီးခဲ့တဲ့ စနေနေ့ညနေ ၆ နာရီက အတာတာကျွန်းမှာရှိတဲ့ သူ့အိမ်မှာ သူ့သား၊ သူ့တူတို့နဲ့အတူ ရှိနေတုန်း ပေ ၂၀ မြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေ တိုက်ခတ်လာပြီး သမုဒ္ဒရာထဲကို မျောပါသွားခဲ့တာပါ။

လီဆာလာဟာ ခြေထောက် ၂ ဖက်လုံး မသန်လို့ ကလေးတစ်ယောက်လောက်တောင် လမ်းမြန်မြန် မလျှောက်နိုင်ပါဘူး။ ဆူနာမီလှိုင်းတွေ တိုက်ခတ်လာမယ်ဆိုလာကို သူ့ညီက ကြိုသတိပေးခဲ့တာကြောင့် သူတို့မိသားစုအားလုံး အိမ်ပြင်ထွက်ပြီး သစ်ပင်ပေါ် တက်နေခဲ့ကြတာပါ။ လှိုင်းတွေ တိုက်ခတ်ပြီးတဲ့နောက် သူတို့တွေ သစ်ပင်ပေါ်က ပြန်ဆင်းလာကြပြီး အိမ်ထဲ ရောက်တော့မှ ဒုတိယအကြိမ် ဆူနာမီလှိုင်း တိုက်ခတ်မှု ကြုံတွေ့ခဲ့ကြတာပါ။

လီဆာလာ မျောပါသွားချိန်မှာ ပတ်ဝန်းကျင်က မှောင်မည်းနေပါပြီ။ သူ့သားနဲ့ သူ့တူ့ရဲ့ အော်ခေါ်သံကို ကြားရပေမဲ့ သူ့ကို လိုက်ရှာရင်း အသက်ဘေးအန္တရာယ်ကြုံရမှာ စိုးရိမ်လို့ လီဆာလာက အသံမပြုခဲ့ပါဘူး။ ” အမှန်တကယ်တော့ အဖေကို စွန့်ပစ်တဲ့သားဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွေးကတော့ ကျွန်တော် အသံပြုလိုက်ရင် သားက ကယ်ဖို့ ကြိုးစားမှာစိုးလို့ အသံမပြုဘဲ နေခဲ့တာပါ။ အဆိုးဆုံးကြုံရရင် ကျွန်တော်တစ်ယောက်တည်း ကြုံရပါစေဆိုတဲ့ အတွေးနဲ့ပေါ့” လို့ လီဆာလာက ပြောပါတယ်။

သူသေသွားရင်တောင် သူ့မိသားစုက အလောင်းတော့ ရှာတွေ့လိမ့်မယ်လို့တွေးပြီး လီဆာလာဟာ ရေစီးထဲ မျောပါလာတဲ့ သစ်ပင်တစ်ပင်ကို ဖက်လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ မသေခဲ့ဘဲ လူမနေတဲ့ တိုကီတိုကီကျွန်းကို မျောပါသွားခဲ့ပါတယ်။ အဲဒီကျွန်းကို ရောက်တော့ တနင်္ဂနွေနေ့နံနက် ဖြစ်နေပါပြီ။သူက ခဏလောက် နားလိုက်ပြီးတော့ အဝတ်ဟောင်းတွေကို ဝှေ့ယမ်းပြီး ဖြတ်သွားဖြတ်လာလှေတွေ သူ့ကို သတိထားမိအောင် လုပ်ခဲ့ပေမဲ့ လှေ ၂ စင်းလုံး သူ့ကို သတိမထားမိခဲ့ပါဘူး။ တနင်္ဂနွေနေ့နံနက် ၁၀ နာရီမှာတော့ တိုကီတိုကီကျွန်းကနေ ၄ မိုင်ဝေးတဲ့ ပိုလိုကျွန်းကို ရေကူးသွားဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုလိုကျွန်းက ကျွန်းမကြီးနဲ့ ပိုနီးလို့ပါ။

လီဆာလာဟာ ပိုလိုကျွန်းကိုရောက်ဖို့ ၈ နာရီကြာ ရေကူးခဲ့ရပြီး ညနေ ၆ နာရီလောက်မှာ ပိုလိုကျွန်းကို သူ ရောက်ပါတယ်။ အဲဒီကနေ တစ်ဆင့် နောက်ထပ် ၁ မိုင်ကျော်ဝေးတဲ့ တွန်ဂါတာပူကျွန်းကို ရေကူးပြီး ထပ်သွားခဲ့ပါတယ်။ ည ၉ နာရီလောက်မှာတော့ သူက တွန်ဂါနိုင်ငံ မြို့တော် နူကူအာလိုဖာမြို့စွန်မှာရှိတဲ့ ဆိုပူမြို့ကို ရောက်ရှိခဲ့ပြီး ဖြတ်သွားဖြတ်လာ ကားတစ်စီးက သူ့ကို တင်ခေါ်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့မိသားစုကို အကြောင်းကြားခဲ့တာပါ။ လီဆာလာကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ပေမဲ့ သူ့သားနဲ့ သူ့တူကိုတော့ အခုချိန်အထိ ရှာမတွေ့သေးပါဘူး။

ပြီးခဲ့တဲ့ စနေနေ့နှောင်းပိုင်းက ဟွန်ဂါ-တွန်ဂါ မီးတောင်ပေါက်ကွဲပြီး ပေ ၅၀ မြင့်တဲ့ ဆူနာမီလှိုင်းလုံးကြီးတွေ တိုက်ခတ်ခဲ့လို့ တွန်ဂါနိုင်ငံမှာ ကစဉ့်ကလျား အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ရေအောက်အင်တာနက်ကြိုး ပြတ်တောက်ခဲ့လို့ နေရာအများစုနဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး သတင်းအချက်အလက်တွေ သိပ်မသိရသေးပါဘူး။

Ref: Dailymail “Disabled Tongan, 57, swims for 27 HOURS on eight-mile journey after being swept away by tsunami: Hero refused to shout for help in case his son – who’s now missing – died trying to save him”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top