လူကြိုက်များတဲ့ ပန်ဒါအမြွှာ ၂ ကောင်ဟာ နဂိုစီစဉ်ထားတဲ့အချိန်ထက်စောပြီး တရုတ်နိုင်ငံဆီ ပြန်သွားရတော့မယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် လာရောက်လည်ပတ်သူထောင်ပေါင်းများစွာက တိုကျိုရဲ့ Ueno Zoological Gardens ဆီ စုရုံးလာရောက်ခဲ့ကြပါတယ်။
အသက် ၄ နှစ်အရွယ် ရှောင်းရှောင်းနဲ့ လိန်လိန်တို့ဟာ အစက ငှားရမ်းထားတဲ့ကာလကုန်မယ့် ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံဆီ ပြန်သွားရမှာဖြစ်ပေမဲ့ အခု ဇန်နဝါရီလကုန်မှာ ပြန်သွားရတော့မှာဖြစ်ပါတယ်။ သူတို့ပြန်သွားရင် နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်မှာ ပန်ဒါကြီးတွေမရှိတော့ဘူးဖြစ်သွားမှာပါ။
ပန်ဒါအမြွှာ ၂ ကောင်ပြန်သွားရတော့မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ပန်ဒါတွေကို မြင်ချင်လို့ လာရောက်ခဲ့ကြတဲ့သူအများအပြားရှိလာခဲ့ပါတယ်။ တချို့လာရောက်ကြသူတွေဆို ပန်ဒါပုံပါဦးထုပ်တွေအိတ်တွေနဲ့ မနက်ခင်းအစောကတည်းက လာရောက်ခဲ့ကြတာပါ။
“ကျွန်တော်တို့ရဲ့ကလေးတွေငယ်ငယ်ကတည်းက တိရစ္ဆာန်ရုံကို မရောက်တာ ဆယ်စုနှစ်တွေချီပြီ။ ပန်ဒါကြီးတွေ ဂျပန်ကနေ သွားတော့မယ်ဆိုတာ ကြားရတော့ လာချင်ခဲ့တာပါ”လို့ အသက် ၆၇ နှစ်အရွယ် မီနိုရူ ဆာဝါဒါက ပြောပါတယ်။ သူနဲ့သူ့ဇနီးဟာဆိုရင် ရှောင်းရှောင်းကို တွေ့ရဖို့ ၂ နာရီကျော်လောက် စောင့်ဆိုင်းခဲ့ရတာပါ။ တရုတ်နဲ့ လက်ရှိဆက်ဆံရေးကြောင့် နောက်ထပ်ပန်ဒါငှားရမ်းမှုမရှိလောက်တော့ဘူး။ ပန်ဒါအမြွှာကို မြင်တွေ့ရဖို့ ဒါဟာ နောက်ဆုံးအကြိမ်ဖြစ်နိုင်တယ်လို့ မီနိုရူရဲ့ဇနီးက ဆိုပါတယ်။
ပန်ဒါအမြွှာကို ၂၀၂၁ ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပြီး သူတို့ရဲ့မိဘတွေ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ်က ပြန်သွားပြီးနောက်မှာ လာရောက်လည်ပတ်သူတွေရဲ့အဓိကဆွဲဆောင်မှုဖြစ်လာခဲ့တာပါ။ တစ်လစောပြီး ပန်ဒါအမြွှာပြန်သွားရတာက ဂျပန်နဲ့ တရုတ်နိုင်ငံကြားလက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုကြောင့်ဖြစ်နိုင်ပါတယ်။
တကယ်လို့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ခဲ့ရင် ဂျပန်က သူတို့ရဲ့ တပ်ဖွဲ့တွေနဲ့ တုန့်ပြန်ကောင်း တုန့်ပြန်မယ်ဆိုပြီး ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီရဲ့မှတ်ချက်စကားတစ်ခွန်းကြောင့် ဂျပန်နဲ့ တရုတ်ကြားတင်းမာမှုတွေဖြစ်သွားခဲ့တာပါ။
Ref: Japan’s last 2 giant pandas returning to China a month earlier amid strained ties, visitors queue hours to say goodbye
WL (ရိုးရာလေး)

