အိမ်ကို PPE စက်ရုံအဖြစ်ပြောင်းပစ်ခဲ့လို့ ကားအသစ်တစ်စီး ချီးမြှင့်ခံခဲ့ရတဲ့ ကျောင်းဆရာ

7-11-2020-yyl-011.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံ့ပြီး ကျန်းမာရေးဝန်ထမ်းတွေ PPE ဝတ်စုံပြတ်လပ်သွားတဲ့အချိန်မှာ နယူးဂျာစီပြည်နယ်က အလယ်တန်းကျောင်းဆရာတစ်ဦးဟာ သူ့ရဲ့အိမ်ကို PPE ဝတ်စုံထုတ်လုပ်တဲ့စက်ရုံအဖြစ် ပြောင်းလဲပစ်ကာ ကူညီပေးခဲ့ပါတယ်။ အဲဒီစက်ရုံမှာ သူဟာ 3D Printer တွေကို အသုံးပြုပြီး Mask နဲ့ PPE ဝတ်စုံထောင်ပေါင်းများစွာထုတ်လုပ်ပေးခဲ့ပါတယ်။

အသက် ၂၆ နှစ်သာရှိသေးတဲ့ ဂျဆန် အန်ဒရစ်ချ် (Jason Erdreich) က ကပ်ရောဂါအတွင်းမှာ ရှေ့တန်းကနေ ကိုဗစ်ကို တွန်းလှန်ပေးပြီး သူတို့ကိုစောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေကို ကူညီပေးရမယ်၊ ကူညီပေးနိုင်တဲ့ ခွန်အားရှိတယ်လို့ တွေးခဲ့တာပါ။ ဒါကြောင့် အခုလိုကူညီပေးရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဂျဆန်က သူ့ရဲ့ကိုယ်ကျိုးမငဲ့တဲ့လုပ်ရပ်၊ တီထွင်ဖန်တီးနိုင်စွမ်းအားကြောင့် Mazda က ဂုဏ်ပြုချီးမြှင့်တဲ့ Mazda MX-5 Miata 100th Anniversary Special Edition ကားအသစ်တစ်စီးကို လက်ခံရရှိဖို့ ရွေးချယ်ခံခဲ့ရတဲ့ လူအယောက် (၅၀) ထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီအကြောင်းကို Mazda ကုမ္ပဏီက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ကြေညာခဲ့တာပါ။

ဂျဆန်က သစ်သားလက်မှုအတတ်၊ ထုတ်လုပ်ရေးအတတ်ပညာ၊ စက်ရုပ်တီထွင်အသုံးချမှုပညာတွေကို Madison Junior School မှာ သင်ကြားပေးနေတာပါ။ သူဟာ သူ့ကျောင်းကနေ 3D Printer (၁၅) လုံးကို စုဆောင်းပြီး ဧည့်ခန်းမှာ တပ်ဆင်ကာ Mask တွေကို နေမအားညမအားထုတ်လုပ်ခဲ့တာပါ။ အဲဒီလိုကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် ကားအသစ်တစ်စီးရရှိမယ့်စာရင်းမှာပါဝင်ဖို့ သူ့ဇနီးက ဂျဆန်ကို အဆိုပြုပေးခဲ့တာဖြစ်ပါတယ်။

ဂျဆန်က Mask ထုတ်လုပ်ခဲ့ရုံတင်မကပါဘူး။ သူ သင်ယူရရှိခဲ့တဲ့အရာတွေကို အခြားဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း သင်ကြားပေးခဲ့ပြီး ဆေးရုံ၊ ဘိုးဘွားရိပ်သာနဲ့ ကိုဗစ်ကို ရှေ့တန်းကတွန်းလှန်ပေးနေတဲ့ဝန်ထမ်းတွေအတွက် PPE (၁၂၀၀၀) ကျော် အတူတူ ထုတ်လုပ်ခဲ့ကြပါတယ်။ ဂျဆန်နဲ့ တက္ကဆပ်ပြည်နယ်က သူနာပြု၊ မစ္စစ္စပီပြည်နယ်က ကျောင်းဆရာတို့က ကားအသစ်ရရှိဖို့အတွက် ဒီဇင်ဘာမှာ အရင်ဆုံးကြေညာခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။

ဂျဆန်က သူလုပ်ခဲ့တဲ့အရာအတွက် အခုလိုဖြစ်လာမယ်လို့ စိတ်မကူးမိခဲ့ဖူးတဲ့အတွက် ပြောစရာစကားမရှိလောက်အောင် စွံ့အသွားခဲ့မိတယ်။ သူတစ်ယောက်တည်းရွေးချယ်ခံရတာမဟုတ်ပေမဲ့ မယုံကြည်နိုင်လောက်စရာကောင်းတဲ့ အတွေ့အကြုံဖြစ်ခဲ့တယ်။ သူတကယ်ကံကောင်းတယ်လို့ ခံစားရတယ်။ ကပ်ရောဂါအတွင်းမှာ PPE တွေလုပ်ဖို့ကူညီပေးခဲ့တဲ့သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းသား၊သူတွေ၊ လူ့အဖွဲ့အစည်းတွေ၊ သူ့ဇနီးတို့ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
Mazda ကားကုမ္ပဏီဟာ အခုလိုချီးမြှင့်ပေးတာက အဖွဲ့အစည်းအတွက် အပင်ပန်းခံအလုပ်လုပ်ပေးနေတဲ့သူတွေကို ဂုဏ်ပြုပေးနေတဲ့ Mazda Heroes Program တစ်ခုဖြစ်ပါတယ်။

Ref: CNN “A teacher who turned his home into a PPE factory during the pandemic was honored with a new car”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top