မြေမြှုပ်ဗုံးအနံ့ခံရှာဖွေပေးတဲ့ကြွက်ကြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးလို့ ရွှေတံဆိပ်ဆုရရှိ

25-9-2020-yyl-023-1.jpg

မြေမြှုပ်ဗုံးတွေကြောင့်လည်း လူတွေရဲ့အသက်တင်မကပါဘူး။ တိရစ္ဆာန်တွေရဲ့အသက်တွေလည်း သေဆုံးကြရပါတယ်။ အဲဒီလိုမြေမြှုပ်ဗုံးတွေကို အနံ့ခံရှာဖွေရှင်းလင်းပေးနေတဲ့ မာဂါဝါ (အာဖရိကကြွက်) ဆိုတဲ့ ကြွက်ကြီးတစ်ကောင် ကမ္ဘောဒီးယားနိုင်ငံမှာရှိပါတယ်။ အခုဆိုရင် မာဂါဝါဟာ မြေမြှုပ်ဗုံးရှာဖွေပေးတဲ့အလုပ်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနိုင်တဲ့အတွက် ရွှေတံဆိပ်ဆု ချီးမြှင့်ခံရပါပြီ။ မာဂါဝါက သူ့လုပ်သက်တစ်လျှောက်မှာ မြေမြှုပ်ဗုံး (၃၉) ခုနဲ့ ခဲယမ်းမီးကျောက်တွေ (၂၈) ခုကို အနံ့ခံရှာဖွေပေးနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ PDSA က ကမ္ဘောဒီးယားနိုင်ငံမှာ သေစေနိုင်တဲ့ မြေမြှုပ်ဗုံးရှင်းလင်းပေးခဲ့ပြီး လူ့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် မာဂါဝါကို သူတို့ရဲ့ရွှေတံဆိပ်ဆုကို ချီးမြှင့်ပေးခဲ့တာပါ။ အဲဒီဆုက တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးတဲ့တိရစ္ဆာန်တွေကိုသာ ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ အဲဒီဆုရရှိတဲ့ တိရစ္ဆာန် (၃၀) ထဲမှာ မာဂါဝါက ပထမဆုံးကြွက်ဖြစ်ပါတယ်။

အသက် (၇) နှစ်ရှိပြီးဖြစ်တဲ့ မာဂါဝါကို တန်ဇန်းနီးယားနိုင်ငံအခြေစိုက် ဘယ်ဂျီယံပရဟိတအဖွဲ့ Apopo က လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ အဲဒီအဖွဲ့က ၁၉၉၀ခုနှစ်ကတည်းက မြေမြှုပ်ဗုံးတွေကို အနံ့ခံစစ်ဆေးဖို့အတွက် HeroRats လို့သိကြတဲ့ တိရစ္ဆာန်တွေကို မွေးမြူနေခဲ့ပါတယ်။ မာဂါဝါအပါအဝင် တိရစ္ဆာန်တွေက လေ့ကျင့်ရေး (၁) နှစ်ဆင်းပြီးမှ အသိအမှတ်ပြုခံရပါတယ်။ “ဒီဆုတံဆိပ်ကို ရရှိဖို့ဆိုတာ တကယ်ကို ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကမ္ဘောဒီးယားနိုင်ငံက လူတွေနဲ့ မြေမြှုပ်ဗုံးဒဏ်ကို ခံစားနေရတဲ့ကမ္ဘာတစ်ဝှမ်းက လူတွေအားလုံးအတွက်လည်း ဂုဏ်ယူစရာပါပဲ”လို့ Apopoရဲ့ စီအီးအို ခရစ်တိုဖီ ကို့စ် (Christophe Cox) က ပြောပါတယ်။

PDSA က သူတို့ရဲ့ဝက်ဆိုက်ကနေ မာဂါဝါအတွက် ဆုပေးပွဲအခမ်းအနားကို ထုတ်လွှင့်ခဲ့ပါတယ်။ မာဂါဝါက တန်ဇန်းနီးယားနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အလေးချိန် (၁.၂) ကီလိုဂရမ်နဲ့ အရွယ်အစားက (၂၀) စင်တီမီတာရှည်ပါတယ်။ အခြားကြွက်မျိုးစိတ်တွေထက် ကြီးပေမယ့် မိုင်းဗုံးတွေပေါ် ဖြတ်လျှောက်မိရင်တောင် ခလုတ်မနှိပ်မိလောက်အောင် ပေါ့ပြီး သေးနေတုန်းပါပဲ။ ဗုံးအတွင်းက ဓာတုကွန်ပေါင်းတွေကို အနံ့ခံစေခြင်းဖြင့် လေ့ကျင့်ပေးထားတာဖြစ်တဲ့အတွက် ဗုံးတွေကို မြန်မြန်ဆန်ဆန်ရှာဖွေပေးနိုင်ပါတယ်။ ဗုံးကို တွေ့တဲ့အခါ ထိပ်ဖက်မှာ ကုတ်ခြစ်ပြီး လူတွေကို အချက်ပြပါတယ်။

မာဂါဝါက (၂၀) မိနစ်လောက်နဲ့ တင်းနစ်ကွင်းတစ်ကွင်းစာ လယ်ကွင်းမှာ မိုင်းဗုံးရှာနိုင်စွမ်းရှိပါတယ်။ လူတစ်ယောက်တည်းသာ ဗုံးရှာစက်နဲ့ ရှာမယ်ဆိုရင် တစ်ရက်ကနေ (၄) ရက်ထိအချိန်ယူရနိုင်တယ်လို့ သိရပါတယ်။ မာဂါဝါက မနက်ခင်းကို တစ်နေ့ နာရီဝက်လောက်ပဲ အလုပ်လုပ်ပါတယ်။ အလုပ်ကနေ အနားယူရတော့မယ့် အသက်အရွယ်နားနီးနေပါပြီ။ “မာဂါဝါရဲ့အလုပ်က မြေမြှုပ်ဗုံးတွေရဲ့ဒဏ်ကို သက်ရောက်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေရဲ့အသက်ကို ကယ်တင်ပေးတဲ့အပြင် သူတို့ရဲ့ဘဝကိုလည်း ပြောင်းလဲစေပါတယ်။ သူ ရှာတွေသမျှတိုင်းက လူတွေရဲ့အသက်အန္တရာယ်နဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို လျော့ချပေးပါတယ်”လို့ PDSAရဲ့ အထွေထွေဒါရိုက်တာ ဂျန် မက်စ်လော့ချ်လင်က ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ၁၉၇၉ခုနှစ်ကတည်းက မြေမြှုပ်ဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူ (၆၄,၀၀၀) ကျော်နဲ့ ခြေလက်ဖြတ်ပစ်ရသူ (၂၅,၀၀၀) လောက်ရှိပါတယ်။ လူတော်တော်များများဟာ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈ဝပြည့်နှစ်က စစ်ပွဲအတွင်းမှာ မြေမြှုပ်ဗုံးဒဏ်ခံစားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC “Magawa the mine-detecting rat wins PDSA Gold Medal”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top