ပြဿနာကင်းဝေး၊ စိတ်ငြိမ်းချမ်းရေး အတွက် နည်းလမ်း ငါးသွယ်

family-care-PYPRM2D.jpg

သတိတရား လက်ကိုင်ထား

သတိတရားဆိုတာ သုံးတတ်ရင် တစ်ဘဝစာ လက်ဆောင်မွန်တစ်ခုပါ။ သတိကပ်ပြီး နေတတ်အောင် ကျင့်ကြံရင် ဘဝအတွက် အပြောင်းအလဲတွေ တွေ့ရမှာပါ။ ဥပမာ – ထစ်ခနဲရှိ ဒေါသ ထွက်တတ်တဲ့သူ ဆိုရင်လည်း သတိလေး ကပ်ထားမယ်ဆိုရင် အရင်ကလောက် ဒေါသ မထွက်တော့မျိုး ထူးခြားမှု တွေ့ရပါလိမ်မယ်။ သတိပိုမြဲလာလေလေ စိတ်ထဲမှာ ပိုငြိမ်းချမ်းလေလေ၊ ပိုပျော်ရွှင်လေလေ ဖြစ်လာမှာပါ။ ဒီအချက်က ရိုးရှင်းပြီး အကျိုးထူးတဲ့ နည်းလမ်းပါ။

ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပါ

မိသားစု၊ လုပ်ငန်းခွင်၊ သူငယ်ချင်း မိတ်ဆွေတွေကြားမှာ တစ်ဦးရဲ့ ပုံစံကို တစ်ဦးက မသိစိတ်ထဲကနေ မှတ်သားလေ့ရှိပါတယ်။ ဒါကို စိတ်ပညာအရတော့ ထပ်တူပြု ခြင်း (Mirroring) လို့ သုံးနှုန်းပါတယ်။ ကျွန်တော်တို့ ယဉ်ပါးနေတဲ့ ရသေ့ရဟန်းတွေဆီ ရောက်သွားတဲ့ ကျေးနဲ့ သူခိုးဓားပြတွေဆီ ရောက်သွားတဲ့ ကျေးညီနောင် ပုံပြင်လိုမျိုးပေါ့။ ဒီအတွက်ကြောင့် လူတစ်ဦးက သူ့ကိုယ်သူ ကောင်းမွန်စွာ ပြုမူကျင့်ကြံ နေထိုင်မယ်ဆိုရင် သူနဲ့ထိစပ်နေတဲ့သူတွေကိုပါ ပြုပြင်ပေးနိုင်ပြီး ကမ္ဘာကြီးကို ပိုကောင်းမွန်လာအောင် ဖန်တီးနိုင်မှာပါ။

ဂရုဏာစိတ်မွေးပါ

ဂရုဏာစိတ်ရှိတာ လူပီသတဲ့ စရိုက်လက္ခဏာ တစ်ရပ်ပါ။ အကြင်နာတရား မရှိတဲ့အခါ သင်နဲ့ပုံစံ၊ အမူအကျင့်၊ အတွေးအမြင် မတူတဲ့ အခြားသူတွေအပေါ် အမြင်ကြည်လင်ဖို့ ခက်ခဲပါတယ်။ တကယ်လို့ ဂရုဏာစိတ် ရှိတယ်ဆိုရင်တော့ ကိုယ်နဲ့ မတူတဲ့သူတွေကို အပြစ်မမြင်ဘဲ နားလည်ပေးနိုင်လာပါလိမ့်မယ်။ ဒါဟာ သင့်စိတ်ကို ငြိမ်းချမ်းစေပြီး အခြားသူတွေနဲ့ ပေါင်းသင်း ဆက်ဆံရေးအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ပေးသလောက် ပြန်ရတာပါ

ပေးသလောက် ပြန်ရတယ်ဆိုတာ အခြားသူတစ်ယောက်ကို ၅၀၀၀ တန် မွေးနေ့လက်ဆောင်ပေးလို့ ကိုယ့်မွေးနေ့ကျတော့လည်း သူ့ဆီက ၅၀၀၀ တန် လက်ဆောင်ပဲ ပြန်ရတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ အခြားသူတွေအပေါ် သင်က ဘယ်လို အကျိုးသက်ရောက်မှု ရှိစေခဲ့သလဲဆိုတဲ့ ကိစ္စကို ပြောတာပါ။ ဂရုဏာစိတ်ရှိတာ၊ စိတ်တည်ငြိမ်တာနဲ့ ချစ်ခြင်းမေတ္တာဆိုတာ ငွေတစ်ပြားတစ်ချပ်မှ မကုန်တဲ့ လက်ဆောင်မွန်တွေဖြစ်ပြီး အခြားသူတွေအပေါ် သင်က ဂရုဏာထားမယ်၊ မေတ္တာထားမယ်ဆိုရင် သင့်ပတ်ဝန်းကျင်က လူတွေကလည်း သင့်ကို အလားတူ တုံ့ပြန်ကြပါလိမ့်မယ်။ ဘဝဆိုတာ အပေး၊ အယူ စည်းချက်ညီပါတယ်။

ပျော်ရွှင်စေဖို့ အတားအဆီး (၃)ခုကို ဖယ်ရှားပါ

ဗုဒ္ဓဘာဘာသာမှာတော့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ပိတ်ဆို့နေတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အတားအဆီး (၃)ခုရှိတယ်လို့ ဆိုပါတယ်။ ဒီမကောင်းမှုတွေရဲ့ တားဆီး ပိတ်ပင်ခြင်းခံရလေလေ လူသားတွေ စိတ်က အကောင်းဘက်ရောက်ဖို့ ရုန်းကန်ရလေလေပါပဲ။ တကယ်လို့ သင့်အနေနဲ့ လောဘ၊ ဒေါသနဲ့ မောဟကို ဖယ်ရှားနိုင်လေလေ ငြိမ်းချမ်းမှုကို ပိုမိုပိုင်ဆိုင်ရလေလေဖြစ်ပြီး အခြားလူသားတွေအပေါ်လည်း ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေပါလိမ့်မယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top