စားဝတ်နေရေး ရှာဖွေပေးနေတဲ့ ကျွန်တော့်အမေ နေမကောင်းဖြစ်တဲ့အချိန်ကစလို့ ကျွန်တော် ကျောင်းထွက်ပြီး တွေ့ရာအလုပ် လုပ်ခဲ့ရတယ်။ ကုမ္ပဏီကြီးတစ်ခုမှာ သန့်ရှင်းရေးလုပ်ရတယ်။ မနက် ၅ နာရီဆို အလုပ်ဝင်ရပြီ။ ရုံးတက်ချိန်ရောက်လို့ လူတွေရောက်လာရင်လည်း ဘယ်သူကမှ ကျွန်တော့်ကို အဖက်မလုပ်ကြပါဘူး။ ကျွန်တော် ရှိနေတာကိုတောင် မြင်ကြပုံမပေါ်ဘူး။
ခန်းမကြီးထဲမှာ သန့်ရှင်းရေးလုပ်ရတဲ့အချိန်တွေဆိုရင် စီးပွားရေးနဲ့ဆိုင်တဲ့ စကားသံတွေ ကြားရတယ်။ အိုင်ဒီယာတွေ၊ စိန်ခေါ်မှုတွေ အစုံပဲပေါ့။ နားမလည်ပေမဲ့ စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ ကျွန်တော် မသိတဲ့ စကားလုံးတွေကို မှတ်စုထဲမှာ ရေးမှတ်ထားပြီး ညဘက်ကျရင် အဲဒီစကားလုံးတွေ၊ ဝေါဟာရတွေကို လိုက်ရှာကြည့်တယ်။
တစ်ရက်မှာတော့ သူဌေးက ကုန်ပစ္စည်းတွေ ရောက်တာ နောက်ကျလို့ ဒေါသတကြီး ပြောနေသံကြားတယ်။ ကျွန်တော်က ပစ္စည်းလာပို့တဲ့ ကားသမားတွေအားလုံးကို မြင်ဖူးနေကြလေ။ သူတို့လာရင် ကျွန်တော်ပဲ တံခါးဖွင့်ပေးနေကြမလား။ ကျွန်တော်လည်း မရဲတရဲနဲ့ သူဌေးအနားကပ်သွားပြီး ” မနေ့ကတည်းက ကုန်ကားဝင်တာပါ သူဌေး။ ဒါပေမဲ့ သူတို့ ပစ္စည်းတွေ ချမသွားဘူး” လို့ မရဲတရဲ ပြောလိုက်တော့ သူဌေးက ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ အဲဒီနေ့က သူဌေးက ကျွန်တော့်ကို သူ့ကတ် ပေးသွားတယ်။
တစ်ပတ်ကြာတော့ သူဌေးက ကျွန်တော့်ကို ကုန်ပစ္စည်း သယ်ယူဖြန့်ဖြူးရေးဌာနမှာ လက်ထောက်အရာရှိခန့်တယ်။ ညဘက်ဆိုရင် လုပ်ငန်းသဘောတရားတွေကို လေ့လာရတယ်။ နေ့ဘက်ဆိုရင် ရုံးတက်ပေါ့။ ၆ လလောက်တော့ တော်တော်ကြိုးစားခဲ့ရတာပါ။ နောက်တော့ ကုန်ပစ္စည်း ပို့ဆောင် ဖြန့်ဖြူးရေး လမ်းကြောင်းတွေ ဆွဲနိုင်လာတယ်။ အချိန်ဇယား ညှိတာတွေ ကောင်းကောင်းလုပ်နိုင်လာတယ်။
တချို့တွေကတော့ သန့်ရှင်းရေးသမားလေး ကံကောင်းတယ်လို့ ပြောကြမှာပေါ့။ ဒါက ကံကောင်းတာ မဟုတ်ပါဘူး။ ဘယ်သူမှ မဖိတ်ခေါ်ရင်တောင် အဲဒီနေရာက ကိုယ့်ရှိသင့်ရှိထိုက်တဲ့ နေရာမျိုးလို့ ယုံကြည်ထားတဲ့စိတ်ကြောင့်ပါပဲ။ တစ်ခါတရံမှာ ဘယ်သူကမှ ကိုယ့်အတွက် တံခါးဖွင့်ပေးနေမှာ မဟုတ်ဘူး။ အဲဒီတံခါးပေါက်ကို တွန်းဖွင့်ရဲတဲ့ သတ္တိမျိုး ရှိမှပဲ အောင်မြင်မှာပါ။
မိုက်ကယ်ကာတာ ရေးသားထားသော အကြောင်းအရာတစ်ပုဒ်ကို ပြန်ဆိုပါသည်။
NZ ( ရိုးရာလေး)
ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်ရဲသူ
