ဖိနပ်ချုပ်သမား အဘိုးအိုရဲ့ အပြုံးနောက်ကွယ်မှာ

15.11.23-yyl-20.jpg

ဖိနပ်ချုပ်သမားကြီးရဲ့ဆိုင်ကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖိနပ်ချုပ်ခိုင်းတယ်။ ဖိနပ်ချုပ်သမား အဘိုးအိုက ဖိနပ်ပြင်ချုပ်ရင်း ဟာသတွေ ပြောနေလို့ အမျိုးသမီးလည်း ပါးစပ်မစိအောင် ရယ်နေတာပေါ့။ အဘိုးအိုရဲ့ မျက်နှာက ပြုံးနေပြီး အသက်အရွယ်နဲ့မလိုက်အောင် တက်တက်ကြွကြွပါပဲ။
” ကျွန်မ မြင်ဖူးသမျှ သက်ကြီးပိုင်းတွေထဲမှာတော့ အဘက အပျော်တတ်ဆုံးပဲ။ အဘက တော်တော်ကံကောင်းတယ်နော်။ ပူပင်သောက သိပ်မရှိပုံပဲ။ ကျွန်မတို့ကတော့ လောကဓံရဲ့ ထိုးနှက်ချက်တွေကြား မပျော်ရတာတောင် ကြာပါပြီ”လို့ အမျိုးသမီးက ပြောလိုက်တယ်။

အဘိုးအိုက ဖိနပ်ချုပ်နေရင်း ဆတ်ခနဲ ခေါင်းမော့ကြည့်ပြီး ” ဟုတ်မှာပါလေ”လို့ တုံ့ပြန်တယ်။
” ကျွန်မ ကြားမိတာတစ်ခုရှိတယ် အဘ။ ပြီးခဲ့တဲ့နှစ်ပိုင်းက ဒီမြို့မှာ ကားမီးလောင်လို့ ယာဉ်မောင်းတစ်ယောက်ပဲ လွတ်ပြီး သူ့မိသားစုတွေအကုန် သေသွားတယ်ဆိုတာလေ။ ကြောက်စရာကြီးနော်”လို့ အမျိုးသမီးက ဆက်ပြောတယ်။

အဘိုးအိုက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ” အင်း . . . လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်သွားတာ။ ဒီမြို့မှာ ကြုံဖူးသမျှ ထိတ်လန့်စရာအကောင်းဆုံးဖြစ်ရပ်ပဲ”
” အဲဒီယာဉ်မောင်းရော အခုထိ သက်ရှိထင်ရှား ရှိသေးလား”လို့ အမျိုးသမီးက မေးလိုက်တယ်။
” ဘာလို့ သိချင်တာလဲ”လို့ အဘိုးအိုက ပြန်မေးတယ်။

” သြော် . . . သူ့မိသားစုတစ်ခုလုံး ဆုံးရှုံးသွားပြီဆိုတာ သိလိုက်ရတော့ နှလုံးဖောက်တာ၊ ဘာတွေများ ဖြစ်သွားမလားလို့ပါ”
” စိတ်ဒဏ်ရာ တော်တော်ရသွားတယ်။ ဒါပေမဲ့ သူ မသေသေးပါဘူး”လို့ အဘိုးအိုက ဖြေတယ်။
” အဲဒီတုန်းက သူ ဘယ်လောက်တောင် ခံစားရမလဲဆိုတာ တွေးကြည့်လို့တောင် မရလောက်ဘူးနော်။ မိသားစုကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာကနေ သူ နလန်ထူနိုင်ပါ့မလား။ သူ့ဘဝမှာ ပျော်ရွှင်စရာဆိုတာတော့ ရှိတော့မယ်မထင်ဘူး။ သူလည်း အဲဒီစိတ်နဲ့ပဲ လုံးပါးပါးမယ် ထင်ပါရဲ့”

” အင်း . . . . ဟုတ်လောက်မှာပါ” လို့ အဘိုးအိုက ခပ်တိုးတိုး ပြောတယ်။
အဘိုးအိုလည်း ဖိနပ်ပြင်ချုပ်တာ ပြီးသွားတယ်။ အမျိုးသမီးလည်း ကျသင့်ငွေပေးပြီး ထွက်သွားတယ်။
အမျိုးသမီးက လမ်းလျှောက်လာရင်းနဲ့ သူ့ဖိနပ်ထဲမှာ ခိုးလိုးခုလုဖြစ်နေလို့ ဖိနပ်ချွတ်လိုက်တဲ့အခါ စာခေါက်လေးတစ်ခု တွေ့တယ်။ စာခေါက်လေးကို ဖွင့်ကြည့်လိုက်တော့
” ဒီစာကို ရေးသူက မင်း ဖိနပ်ကို ပြင်ချုပ်ပေးတဲ့ အဘိုးအိုပါ။ ကားမီးလောင်လို့ မိသားစုတစ်ခုလုံးကို ဆုံးရှုံးခဲ့ရတဲ့ ဘတ်စ်ကားယာဉ်မောင်းက ကျုပ်ပဲဆိုတာ သိရင် မင်း အံ့သြသွားလိမ့်မယ်။ ပြောချင်တာလေး တစ်ခုရှိလို့ပါ။ တကယ်တော့ ပြုံးရွှင် ရယ်မောနေသူတွေမှာလည်း နာကျင်စရာ ကိုယ်စီ ရှိကြပါတယ်။ နာကျင်စရာ များများကြုံရသူက တခြားသူတွေကို ပိုပျော်စေချင်တယ်လေ”

သင်ခန်းစာ
တချို့သူတွေက လောကဓံကို ပျော်တတ်တဲ့ စိတ်အခံနဲ့ တုံ့ပြန်ကြတယ်။ ဘယ်လို ထိုးနှက်ချက်တွေကြုံကြုံ အပြုံးနဲ့ပဲ ဆီးကြိုကြတယ်။ ပြုံးနေနိုင်သူတွေက ဘဝမှာ ဒုက္ခတွေ၊ အခက်အခဲတွေ မကြုံရတာ မဟုတ်ပါဘူး။ ဖုံးကွယ်နိုင်စွမ်း ရှိတာပါ။ တခါတလေ အလှဆုံးအပြုံးတွေရဲ့နောက်ကွယ်မှာ အကြီးမားဆုံး နာကျင်စရာတွေ ရှိနေတတ်ပါရဲ့။

Ref: Chima Dickson

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top