နှလုံးအစားထိုးကုသမှုခံယူခဲ့တယ်ဆိုတဲ့ ကောလဟာလကို ပယ်ဖျက်ခဲ့တဲ့ မင်းသားကြီးဂျက်လီ

not.jpg

တခြားသူတွေရဲ့သဘောဆန္ဒမပါဘဲ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို တရားမဝင်ခွဲစိတ်ထုတ်ယူတဲ့လုပ်ဆောင်မှုက မကြာသေးခင်ကမှ တရုတ်လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပြောစမှတ်ပြုနေခဲ့တာပါ။ တချို့တွေကလည်း အဲ့ဒီမသမာတဲ့လုပ်ဆောင်မှုတွေမှာ အနုပညာနယ်ပယ်ကလူတွေပါဝင်ပတ်သက်နေတယ်လို့ ထင်ကြေးပေးနေခဲ့ပါတယ်။ 

ကွန်ဖူးမင်းသားကြီးဂျက်လီလည်းပဲ အဲ့ဒီကောလဟာလသတင်းတွေမှာ ပါဝင်လာခဲ့ပါတယ်။ အသက် ၆၂ နှစ်အရွယ်ဂျယ်လီက နှလုံးအစားထိုးကုသမှုခံယူခဲ့တယ်ဆိုတဲ့ သတင်းဟာ မကြာသေးခင်က ပျံ့နှံ့ခဲ့ပါတယ်။ ဂျက်လီက ၂၀၁၃ ခုနှစ်မှာ သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါကို ခံစားခဲ့ရပြီး ကျန်းမာရေးပြဿနာတွေနဲ့ ကာလကြာရှည်စွာ တွန်းလှန်နေခဲ့ရတာပါ။ ဆေးဝါးတွေစွဲသောက်ခဲ့ရပြီး မျက်လုံးတွေဖောင်းပြီး လည်ပင်းတွေရောင်ရမ်းတာတွေလည်းဖြစ်ခဲ့တာကြောင့် လူထုအကြား စိုးရိမ်မှုများစွာဖြစ်ပေါ်စေခဲ့တာပါ။ 

ဩဂုတ်လကလည်း စင်ကာပူမှာ ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့ဒီတုန်းက ကင်ဆာမဟုတ်တဲ့ အကျိတ်တစ်ခုရှိလို့ ဆေးရုံတက်ကာ ခွဲစိတ်ခဲ့ပြီး အကျိတ်ကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ ဂျက်လီက နိုင်ငံတကာဝူရှူးအဖွဲ့ချုပ်ရဲ့သံတမန်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး မင်းသားဝူကျင်းကို သံတမန်အဖြစ် လွှဲပြောင်းပေးခဲ့ပါတယ်။ အဲ့ဒီတုန်းက ဂျက်လီ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတာကို ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။ 

ဒါပေမဲ့ မကြာခင်မှာပဲ လူမှုကွန်ယက်ပေါ်မှာ ဂျက်လီနဲ့ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှုတွေပျံ့နှံ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က သေဆုံးသွားခဲ့တဲ့ ရှောင်လင်ဘုန်းကြီး Qiu Feng ရဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ကိုယ်ခံပညာစူပါစတားဆီ အစားထိုးဖို့ရည်ရွယ်ထားတယ်။ အဲ့ဒါက ဂျက်လီဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်ခဲ့တာပါ။ Qiu Feng က သတင်းထွက်ရှိခဲ့သလို ကားမတော်တဆမှုနဲ့ သေဆုံးခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရပြီး သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူခံခဲ့ရတာဖြစ်တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ထင်ကြေးပေးခဲ့ကြပါတယ်။ 

ကောလဟာလတွေပိုမိုပြင်းထန်လာတာနဲ့အမျှ မင်းသားကြီးဂျက်လီဟာ နိုဝင်ဘာ ၁ရက်နေ့က အဲ့ဒီကောလဟာလတွေပျောက်ကွယ်သွားအောင် အပေါ်ပိုင်းအဝတ်ဗလာနဲ့ရေကူးနေတဲ့ဗီဒီယိုကို တင်ခဲ့ပါတယ်။ သူ့ရဲ့ရင်ဘတ်မှာ ခွဲစိတ်ထားတဲ့အမာရွတ်မရှိတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ “စကားလုံးတွေက သေစေနိုင်ပါတယ်။ ဒီခေတ်မှာ နေထိုင်ရင်း ကျွန်တော်တို့ လွတ်လွတ်လပ်လပ်တွေးခေါ်စဉ်းစားရမှာဖြစ်ပြီး အခြားသူတွေပြောတာကို လက်ခံနေမယ့်အစား ကျွန်တော်တို့ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရပါမယ်။ ကျွန်တော် Qiu Feng ကို မသိပေမဲ့ ဂယက်ထအောင်လုပ်ဖို့ အခြားသူတွေရဲ့ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို မသုံးစေချင်ဘူး”လို့လည်း ဂျက်လီက ဆိုထားပါတယ်။ 

Ref: Jet Li Goes Topless To Quash Heart Transplant Rumours

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top