အမာရွတ်ကျန်ခဲ့တဲ့ ဝက်ခြံဖြစ်အောင် ဆောင်ရွက်မိတဲ့ အမှားများ

woman-doing-makeup-at-the-mirror-face-hygiene-R25DH6N.jpg

အခုတလော ယောက်ျားလေး၊ မိန်းကလေး တော်တော်များများ မျက်နှာကို ကြည့်လိုက်ရင် ဝက်ခြံဖုလေးတွေ တော်တော်တွေ့ရတယ်။ တချို့တွေကျတော့ ဝက်ခြံတွေက မရှိပေမယ့် အမာရွတ် ကျန်ခဲ့တာကြောင့် မျက်နှာမှာ မင်းကုသလို ဖြစ်ကျန်ခဲ့ပါတယ်။

ဒါကလည်း သတိမထားမိတဲ့ အပြုအမူမှားတွေကြောင့် အမာရွတ် ကျန်ခဲ့ရတာပါ။ ဒီအမှားတွေကိုသာ သိထားပြီး ပြင်လိုက်မယ်ဆို မျက်နှာပြင်မှာ အမာရွတ်မရှိ ချောမွေ့နေမှာပါ။

ပထမအကြောင်းရင်းတစ်ခုက နေလောင်ခံ ခရင် (sunscreen) မလိမ်းတာကြောင့်ပါ။ နေရောင်ခြည် က အသားအရည် ပျက်စီးစေပြီး အမာရွတ် ကျန်စေပါတယ်။ sunscreen လိမ်းမှ ဝက်ခြံ ပိုထွက်လာတယ်ဆိုရင်တော့ သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အသားအရည်တည့် မတည့် စစ်ဆေးပြီးမှ လိမ်းရမှာပါ။

နောက်ထပ် အကြောင်းရင်းတစ်ခုက လက်နဲ့ လိုက်ကလိတာပါပဲ။ ဝက်ခြံဖုကို လက်နဲ့ညှစ်ပြီး ကုတ်ဖဲ့နေတော့ လက်က ဘက်တီးရီးယားတွေက ဝက်ခြံပေါ်ရောက်ပြီး ရောင်ရမ်းလာမှာပါ။ အကောင်းဆုံးနည်းက သနပ်ခါးလေး ဝက်ခြံပေါ်အုပ်ပေးထားရမှာပါ။ မနေနိုင်လို့ ဝက်ခြံ ညှစ်ချင်တယ်ဆိုရင်တောင်မှ လက်ကို စင်အောင်ဆေးပြီး အရက်ပြန် လေးနည်းနည်း တို့ပြီးမှ ညှစ်ရမှာပါ။ ဝက်ခြံကထွက်လာတဲ့ သွေးစလေးတွေကိုလည်း ဝါဂွမ်းသန့်သန့်နဲ့ သုတ်ပေးရမှာပါ။ ပြီးရင်တော့ တခြားနေရာတွေကို မပွားအောင် မျက်နှာသစ်ချရမှာပါ။

ဝက်ခြံထွက်လာပြီဆို မျောက်အနာရသလို ခဏခဏ မှန်ထဲမှာ တစိမ့်စိမ့်ကြည့်တာကလည်း ပြသနာပါ။ ကြည့်မိတော့ ညှစ်ချင်၊ ညှစ်မိတော့ အမာရွတ်တွေကျန်ခဲ့ပြီး သံသရာလည်နေပါတယ်။

နောက်ထပ်တစ်ချက်က မျက်နှာသုတ်ပုဝါကြောင့်ပါ။ မျက်နှာသုတ်ပုဝါကို တစ်ပတ်တစ်ခါ လျှော်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ အချိန်မရဘူးဆိုရင်တော့ မျက်နှာသုတ်ပုဝါကို သန့်သန့်ရှင်းရှင်းလေးထားပြီး နေပူထဲမှာ လှန်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။

မိန်းကလေးတွေအတွက် ဝက်ခြံဖြစ်ရတဲ့ အဓိကအကြောင်းရင်းက မိတ်ကပ် အထူကြီးလိမ်းလို့ ဖြစ်ပါတယ်။ ဝက်ခြံတွေ ဖုံးဖို့ မိတ်ကပ်ပေါင်ဒါကို ထူထူဖို့တော့ ဝက်ခြံက ပိုပိုဆိုးလာပြီး နောက်ဆုံး အမာရွတ်တွေ ဖြစ်လာပါတယ်။

နောက်ဆုံးပြောချင်တဲ့ အကြောင်းရင်းတစ်ခုက ကုသနည်း တစ်မျိုးကိုပဲ နှစ်ကြာရှည် မခံယူနဲ့ဆိုတာပါ။ ဒီလိုမျိုးဆိုတော့ ဆေးယဉ်သွားသလို ဖြစ်ပြီး ဝက်ခြံတွေ ပိုပိုတိုးလာပြီး အမာရွတ်တွေက ဘယ်လိုဖျောက်ဖျောက် မပျောက်တော့ပါဘူး။ ဒီလိုအချက်လေးတွေကိုသာ ဆင်ခြင် ရှောင်ရှားလိုက်ရင် ပကတိလှပတဲ့ မျက်နှာအသားအရေကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: rd.com

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top