ဗင်းဆင့်ဗန်ဂိုး ကွယ်လွန်သွားချိန်အထိ သူ့ပန်းချီကားတွေကို ဝယ်သူ မရှိခဲ့ပါဘူး။ သူ သက်ရှိထင်ရှား ရှိနေချိန်ကာလအတွင်း သူ့ပန်းချီကား တစ်ချပ်ပဲ ရောင်းခဲ့ရဖူးတာပါ။ The Red Vineyard ဆိုတဲ့ ပန်းချီကားပါပဲ။
ပြင်သစ်ကော်ဖီဆိုင် အပေါ်ထပ် အခန်းကျဉ်းလေးထဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားချိန်မှာ ဗန်ဂိုးအသက်က ၃၇ နှစ်ပဲ ရှိပါသေးတယ်။ ဗန်ဂိုး သက်ရှိထင်ရှား ရှိနေချိန်မှာ သူ့ရဲ့ အနုပညာကို ယုံကြည်တာဆိုလို့ သူ့ညီ သီယို တစ်ယောက်တည်းပဲ ရှိပါတယ်။ ဗန်ဂိုး ကွယ်လွန်ပြီး နောက် ၆ လကြာတော့ သီယိုလည်း တိမ်းပါးသွားတယ်။ တကယ်လို့ သူ့ခယ်မ ယိုဟန်နာသာ မရှိခဲ့ရင် ဗန်ဂိုးရဲ့လက်ရာတွေကို ကမ္ဘာကြီးက မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။
သီယိုရဲ့ဇနီး ယိုဟန်နာက အင်္ဂလိပ်စာသင်တဲ့ ဆရာမပါ။ သီယိုက ပန်းချီကား အရောင်းအဝယ်လုပ်တော့ ယိုဟန်နာကလည်း ပန်းချီအကြောင်း တီးမိခေါက်မိ ရှိတယ်၊ ဗန်ဂိုးရဲ့ လက်ရာတွေက ထူးခြားနေတာကို သူ သတိထားမိတယ်။ တကယ်လို့ ယိုဟန်နာသာ အမြင်မရှိဘူး၊ ယုံကြည်မှု မရှိခဲ့ဘူးဆိုရင် အခန်းရှင်းရင်ပြီးရောဆိုပြီး ဗန်ဂိုးရဲ့ပန်းချီကားတွေကို ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်မှာပါ။
ဒါပေမဲ့ ယိုဟန်နာက ဗန်ဂိုးရဲ့လက်ရာတွေကို ကမ္ဘာကြီးက နားလည်လာစေဖို့အတွက် ဗန်ဂိုးတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အပြန်အလှန်ပေးစာတွေကနေ စတင်ခဲ့တယ်။ ဗန်ဂိုးနဲ့ သီယိုဟာ အနုပညာ၊ ဘဝဖြတ်သန်းမှု၊ ရုန်းကန်လှုပ်ရှားရမှု၊ အလှအပအမြင်၊ နာကျင်ခံစားရမှုတွေအကြောင်း နှစ်ပေါင်းများစွာကြာ စာအပေးအယူ လုပ်ခဲ့ကြတယ်။ နယ်သာလန်ဘာသာနဲ့ ရေးထားတဲ့ အဲဒီစာတွေကို ယိုဟန်နာက ပြင်သစ်ဘာသာ ပြန်တယ်၊ ပြင်သစ်ကနေတဆင့် အင်္ဂလိဂ်ဘာသာ ပြန်ဆိုပြီး The Letters of Vincent van Gogh စာအုပ် ထုတ်ဝေခဲ့တယ်။ ယိုဟန်နာရဲ့ လုပ်ရပ်က တကယ့်ကို ထိရောက်ခဲ့တယ်။
အဲဒီစာတွေဟာ ဗန်ဂိုးရဲ့ စိတ်ဝိဉာဉ်ကို ဖော်ပြနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အရာပါပဲ။ ဗန်ဂိုးက စိတ်မနှံ့သူ မဟုတ်ဘူး၊ သိမ်မွေ့နက်နဲလွန်းပြီး ခေတ်ရှေ့ပြေးတဲ့ သူ့အနုပညာကို ကမ္ဘာကြီးက ခံစားနိုင်စွမ်း မရှိသေးဘူးဆိုတာ လူတွေ သိမြင်လာတယ်။ အဲဒီနောက်မှာ ယိုဟန်နာက ဗန်ဂိုးရဲ့ပန်းချီကားတွေကို စုစည်းပြီး ပြပွဲလုပ်ဖို့ ကြိုးပမ်းတယ်။ နယ်သာလန်မှာ ပြပွဲ စလုပ်တယ်။ ပြီးတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြပွဲတွေ လုပ်တယ်။ ယိုဟန်နာက ဝေဖန်ရေးသမားတွေဆီ၊ ပြခန်းပိုင်ရှင်တွေဆီ၊ ပြတိုက် ဒါရိုက်တာတွေဆီ စာရေးဆက်သွယ်တယ်။
ယိုဟန်နာက ငွေလိုနေပေမဲ့ ပန်းချီကားတွေကို ဈေးပေါပေါနဲ့ မရောင်းဘူး။ ဘယ်ကားတွေကို၊ ဘယ်အချိန်မှာ၊ ဘယ်သူ့ကို ရောင်းမလဲဆိုတာ စိစိစစ်စစ် လုပ်တယ်။ ယိုဟန်နာက ရှားပါးမှု၊ အမြတ်တနိုးထားမှု၊ ဂုဏ်သတင်းကြီးမှုတွေ ဖန်တီးခဲ့တယ်။ ပန်းချီလောကမှာ ဗန်ဂိုးရဲ့ အရေးပါမှုကို ချဲ့ကားပြောဆိုနေတာဆိုတဲ့ စွပ်စွဲသူတွေကို ယိုဟန်နာက စိတ်ခံစားချက်နဲ့ မတုံ့ပြန်ဘူး၊ အချက်အလက်ကျကျပဲ တုံ့ပြန်ခဲ့တယ်။
ဗန်ဂိုးရဲ့ အနုပညာ အမွေအနှစ်အတွက် ယိုဟန်နာက ၃၅ နှစ်တိုင်တိုင် ကာကွယ်တိုက်ခိုက်ခဲ့တယ်။ ၁၉၂၅ ခုနှစ်မှာတော့ ယိုဟန်နာ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာကလည်း ဗန်ဂိုးကို မျက်မှောက်ခေတ် အနုပညာလောကရဲ့ အကြီးကျယ်ဆုံး ပန်းချီဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြု နေကြပါပြီ။ တချိန်က ပါရီမြို့ အခန်းကျဉ်းထဲမှာ ဖုန်တက်နေတဲ့ ဗန်ဂိုးရဲ့ပန်းချီကားတွေဟာ ကမ္ဘာကျော် ပန်းချီပြခန်းတွေမှာ ပြသထားလျက် ရှိပါတယ်။
ကြယ်တွေစုံတဲ့ည (Starry Night) ၊ နေကြာပန်းများ( Sunflowers) ၊ အိပ်ခန်း ( The Bedroom)၊ Irises (အိုင်းရစ်ပန်းများ) ပန်းချီကားတွေပေါ့။ အမ်စတာဒမ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဗန်ဂိုးပြတိုက်ဟာလည်း ကမ္ဘာပေါ်မှာ လာရောက်ကြည့်ရှုသူ အများဆုံးပြတိုက်တစ်ခု ဖြစ်ပါတယ်။
Ref: Johanna Gezina van Gogh-Bonger
NZ (ရိုးရာလေး)

