လယ်သမားတွေရဲ့ ချေးငွေ ဒေါ်လာ ၅ သိန်းကျော်ကို အကျေဆပ်ပေးခဲ့တဲ့ အမီတာဘဂျမ်း

96381342_mediaitem96381341.jpg

ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်းကျော် တန်ဖိုးရှိတဲ့ ချေးငွေတွေကို အိန္ဒိယနိုင်ငံမြောက်ပိုင်းက လယ်သမားတွေအတွက် ပြန်ဆပ်ပေးခဲ့တယ်လို့ သိရပါတယ်။ လယ်သမားပေါင်း ၁၃၉၈ ဦးအတွက် အကြွေးဆပ်ပေးပြီး ကူညီလိုက်ရတဲ့အတွက် ပြောပြမတတ်အောင် ဝမ်းသာပါတယ်လို့ သူ့ရဲ့ ဘလော့ဂ်မှာ ရေးသားထားခဲ့ပါသေးတယ်။

အစိုးရဘဏ်ကနေ ချေးယူထားတဲ့ ကြွေးမြီတွေကို အကျေမဆပ်နိုင်ဘူးဆိုရင် လယ်သမားတွေဟာ ပိုင်ဆိုင်တာတွေအကုန်လုံး အသိမ်းခံရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် အမီတာဘဂျမ်းဆီကနေ ဘဏ်စာရွက်ရဖို့အတွက် လယ်သမားအယောက် ၇၀ က မွန်ဘိုင်းမြို့ကို တက်လာပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မင်းသားနဲ့ တွေ့ဆုံကြမှာပါ။

ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေက အမီတာဘဂျမ်းရဲ့ ဇာတိမြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ် ( Uttar Pradesh) ပြည်နယ်သားတွေ ဖြစ်ပါတယ်။ မိုးခေါင်ခြင်း၊ မြေအောက်ရေကြောပြတ်ခြင်း နဲ့ ခေတ်မီစက်ပစ္စည်းတွေချို့တဲ့မှုကြောင့် လယ်ယာလုပ်ငန်းမှာ ဆုံးရှုံးမှုတွေ များပြီး လယ်သမားထောင်ချီဟာ ကြွေးမြီတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မွန်ဘိုင်း၊ မဟာရှတရာပြည်နယ်က လယ်သမားပေါင်း ၃၅၀ ကျော်က ချေးငွေရရှိဖို့နဲ့ ကောက်ပဲသီးနှံဈေးနှုန်းတွေ တိုးပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလယ်သမားတွေအတွက်လည်း အမီတာဘဂျမ်းကပဲ အကြွေးဆပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းဟာ အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ လူသိအများဆုံး မင်းသားတစ်လက် ဖြစ်ပြီး ရုပ်ရှင်ကားပေါင်း ၁၉၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ဟောလိဝုဒ်လောကအထိ ခြေဆန့်နိုင်ခဲ့တဲ့ မင်းသားကြီးလည်း ဖြစ်ပါတယ်။

Ref: bbc.com “Amitabh Bachchan pays off farmers’ loans worth $500,000”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top