သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ခဲတံနဲ့ ခဲဖျက်တို့ စကားစမြည်ပြောနေကြတုန်း ခဲတံလေးက “တောင်းပန်ပါတယ်နော်”လို့ ပြောလိုက်တဲ့အခါ “ဘာအတွက် တောင်းပန်တာလဲ”လို့ ခဲဖျက်လေးက မေးခွန်း ပြန်မေးလိုက်ပါတယ်။
အဲဒီအခါ ခဲတံလေးက ” ဒီလိုလေ…ငါ အမှားတွေ အထပ်အထပ်အခါအခါလုပ်မိတဲ့အခါတိုင်း မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးနဲ့ ငါ့ရဲ့အမှားတွေကို ပြန်ဖျက်ပေးရတာ မင်းနာကျင်မှာပဲ။ ခုလည်းကြည့်ပါဦး…မင်းရဲ့ကိုယ်ခန္ဓာဟာ တဖြည်းဖြည်းနဲ့ သေးလာပြီ။ မင်းကို ကြည့်ပြီး ငါစိတ်မကောင်းဖြစ်မိတယ် သူငယ်ချင်းရာ”လို့ပြောလိုက်ပါတယ်။
ခဲဖျက်လေးက” မင်းပြောသလို မင်းအမှားတွေကို ပျောက်ကွယ်သွားရအောင် ဖျောက်ဖျက်ပေးနေရလို့ ငါ့ခန္ဓာကိုယ် တဖြည်းဖြည်း သေးငယ်သွားတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ငါစိတ်ထဲမထားပါဘူး။ မင်း ဘာတွေဘယ်လိုပဲမှားမှား မင်းမှားခဲ့တဲ့ အမှားတွေအားလုံးကို ဖျောက်ဖျက်ပေးဖို့တာဝန် ငါ့မှာရှိတယ်လေ။ အမှားတွေကို လိုက်ဖျက်ပေးပြီး ငါ့ခန္ဓာကိုယ် တဖြည်းဖြည်းပါးလာမယ်။ ပြီးရင် လုံးဝ ပျောက်ကွယ်သွားနိင်တယ်ဆိုတာလည်း ငါမျှော်လင့်ပြီးသားပါ။ အဲဒီအတွက် စိုးရိမ်ပူပန်ပြီး ဝမ်းမနည်းပါနဲ့ သူငယ်ချင်း”လို့ ပြန်ပြောလိုက်ပါတယ်။
ဒီ အကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ဟာ ခဲတံလေးတွေနဲ့တူပီး ကျွန်တော်တို့ရဲ့ မိဘတွေကတော့ ခဲဖျက်လေးများနဲ့ တူကြပါတယ်။ မိဘတွေဟာ ခဲဖျက်လေးများလိုပဲ သားသမီးတွေရဲ့ အမှားတွေကို ဘဝနဲ့ရင်းပြီး ပြင်ဆင်ပေးတတ်ကြပါတယ်။ မှားနေရင်မှန်အောင် လွဲနေချော်နေရင် တည့်မတ်အောင် ဖြောင့်တန်းအောင် ညွှန်ကြား ပြသပေးကြပါတယ်။
ငယ်စဉ် ကလေးဘဝကတည်းက အရွယ်ရောက်တဲ့အထိ သားသမီးတွေရဲ့ အမှားမှန်သမျှကို မငြိုငြင်ဘဲ လိုက်လံပြင်ဆင်ပေးတတ်ကြတဲ့ ကျေးဇူးရှင် ခဲဖျက်လေးများဟာ အခုဆိုရင် အားနည်းလို့ နေပါပြီ။ အားနည်းနေတဲ့ ကျေးဇူးရှင် ခဲဖျက်လေးတွေရဲ့ ကျေးဇူးတရားကို အောက်မေ့သတိရပြီး ဂရုတစိုက်နဲ့ ပြန်လည်ပေးဆပ်ဖို့ကတော့ ကျွန်တော်တို့ သားသမီးတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
Ref: “Pencil and Eraser”
Paradise (ရိုးရာလေး)