နာမည်ကြီးအန်နီးမေးရှင်းရုပ်ရှင်ကား “K-POP Demon Hunters” ရဲ့ “Golden” ဇာတ်ဝင်သီချင်းနောက်ကွက်က သီချင်းရေးဆရာတွေက The Golden Globe ဆုပေးပွဲမှာ အကောင်းဆုံးမူရင်းသီချင်းဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဆုကို လက်ခံရယူခဲ့တာက ကင်အွန်ဂျေး (EJAE)၊ မက်ခ် ဆွန်နီဘလစ်ခ်နဲ့ သူတို့ရဲ့တွဲဖက်သီချင်းရေးဆရာတွေပါပဲ။
EJAE က ဆုလက်ခံတဲ့အချိန် ဝမ်းသာပီတိစကားကို အရင်စပြောခဲ့ပါတယ်။ “ကျွန်မ ငယ်ငယ်လေးတုန်းက ကျွန်မရဲ့အိပ်မက်တစ်ခုဖြည့်ဆည်းဖို့အတွက် K-POP အိုင်ဒေါ တစ်ယောက်ဖြစ်လာဖို့အတွက် ၁၀ နှစ်လောက် မနားမနေ ကြိုးစားခဲ့ရတယ်။ ကျွန်မရဲ့အသံက လုံလောက်အောင်မကောင်းတဲ့အတွက် အငြင်းခံရပြီး စိတ်ပျက်ခဲ့ရတယ်။ ဒါကြောင့် ဒါကို ကျော်ဖြတ်နိုင်ဖို့ ကျွန်မ သီချင်းနဲ့ ဂီတအပေါ် အားစိုက်ခဲ့တယ်။ အခုဆို ကျွန်မ အဆိုတော်နဲ့ သီချင်းရေးဆရာဖြစ်နေပါပြီ”
“ခက်ခဲတွေကို ကျော်ဖြတ်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုလက်ခံနိုင်ဖို့ အခြားမိန်းကလေးတွေနဲ့ အခြားကောင်လေးတွေ၊ အသက်အရွယ်မရွေးလူတိုင်းကို ကူညီဖြစ်စေတဲ့ သီချင်းတစ်ပုဒ်မှာ ပါဝင်ချင်တဲ့ အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့်မို့ ကျွန်မရဲ့အသံနဲ့ ကျွန်မတို့ရဲ့အသံကို လက်ခံပေးတဲ့အတွက် Golden Globes ကို ကျေးဇူးတင်ရှိပါတယ်” လို့ EJAE က ပြောသွားခဲ့ပါတယ်။
EJAE နဲ့ တွဲဖက်ရေးခဲ့တဲ့ ဆွန်နီဘလစ်ခ်ကလည်း ဒီရုပ်ရှင်ကားကို ယူကြည့်ပြီး တင်ဆက်ပေးခဲ့တဲ့ Netflix ၊ Sony တို့ကို ကျေးဇူးတင်ခဲ့ပါတယ်။ “ရုပ်ရှင်တွေမှာ ဂီတဇာတ်လမ်းပြောပြတာအတွက် အံ့ဖွယ်နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ အခြားရုပ်ရှင်တွေနဲ့ သီချင်းတွေအားလုံးထဲမှာမှ ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့အတွက် ဂုဏ်ယူရပါတယ်”တဲ့။
ဒီ Golden Globe ဆုက အငြင်းခံရတဲ့၊ အငြင်းပယ်ခံခဲ့ရတဲ့လူတွေအတွက် ရည်စူးပါတယ်လို့ EJAE က အဆုံးသတ်ပြောကြားထားပါတယ်။ “ငြင်းပယ်ခံရတာက ပြန်လည်လမ်းကြောင်းပြန်တာလို့ ကျွန်မ ယုံကြည်ချက်ရှိရှိ ပြောနိုင်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ လက်မလျှော့ပါနဲ့။ မင်း မွေးဖွားလာသလို ထွန်းတောက်ဖို့ ဘယ်တော့မှ နောက်မကျပါဘူး”လို့ အားပေးစကားလည်း ပြောခဲ့ပါတယ်။
“K-POP Demon Hunters” ဇာတ်ကားက အကောင်းဆုံးမူရင်းသီချင်းဆုအပြင် အကောင်းဆုံးဇာတ်ကားဆု (အန်နီးမေးရှင်း) လည်းရရှိခဲ့တာပါ။
Ref: ‘K-POP Demon Hunters’ songwriters deliver powerful Golden Globes speech
WL (ရိုးရာလေး)

