အော်စကာဆု ၂ ဆု ရရှိခဲ့သွားခဲ့တဲ့ “K-POP Demon Hunters”

oscar.jpg

လက်ရှိအချိန်အထိ Netflix ရဲ့ ကြည့်ရှုမှုအများဆုံးဇာတ်ကားဖြစ်နေတဲ့ ကိုရီးယားအန်နီးမေးရှင်းဇာတ်ကား “K-POP Demon Hunters”ဟာ ၉၈ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွဲ) မှာ ဆု ၂ ဆုရရှိသွားခဲ့ပါတယ်။ အကောင်းဆုံးအန်နီးမေးရှင်းဇာတ်ကားဆုနဲ့ အကောင်းဆုံးမူရင်းသီချင်းဆုကို ရရှိခဲ့တာပါ။

အကောင်းဆုံးအန်နီးမေးရှင်းဇာတ်ကားဆုကို ဒါရိုက်တာမက်ဂီ ကန်က လက်ခံရယူခဲ့ပြီး “အကယ်ဒမီနဲ့ကျွန်မတို့ကို ဒီနေရာအထိရောက်လာအောင်လုပ်ပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုရုပ်ရှင်မျိုးမှာ ကျွန်မတို့ကိုမြင်ရဖို့ အချိန်အရမ်းကြာသွားလို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီမှာရှိနေပါပြီ။ နောက်မျိုးဆက်တွေ လွမ်းဆွတ်နေစရာမလိုတော့ဘူးလို့ ဆိုလိုတာပါ။ ဒါက ကိုရီးယားအတွက်နဲ့ နေရာတိုင်းက ကိုရီးယားလူမျိုးတွေအတွက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

မက်ဂီ ကန်က အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးအန်နီးမေးရှင်းဇာတ်ကားဆုရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးအာရှလူမျိုးဒါရိုက်တာဖြစ်ပါတယ်။

K-POP Demon Hunters ထဲက “Golden” သီချင်းက ဂရမ်မီဆုရော အော်စကာဆုကိုပါ ရရှိခဲ့တဲ့ ပထမဆုံးကေပေါ့ပ်သီချင်းဖြစ်လာခဲ့ပါတယ်။ အကောင်းဆုံးမူရင်းသီချင်းဆုကို လက်ခံရယူရင်းနဲ့ အဲ့ဒီသီချင်းသီဆိုသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကင်အွန်ဂျေး (EJAE) က “ငယ်ငယ်တုန်းက ကေပေါ့ပ်ကို ကြိုက်လို့ ကျွန်မကို ဟာသလုပ်ခဲ့ကြတယ်။ အခုဆို လူတိုင်းက ကျွန်မတို့ရဲ့သီချင်းကို သီဆိုနေကြတယ်”လို့ ပြောသွားခဲ့ပါတယ်။

Netflix က “K-POP Demon Hunters” ဇာတ်ကားဟာ နောက်ဆက်တွဲဇာတ်ကားနဲ့ ပြန်လာမှာဖြစ်တယ်လို့ တရားဝင်အတည်ပြုထားပါတယ်။

Ref: “K-POP Demon Hunters” Wins Oscar

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top