၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ရဆုံး နိုင်ငံစာရင်း ထွက်ပေါ်လာ

myanmar_large.png

ပြီးခဲ့တဲ့ မတ်လ ၂ဝရက်နေ့ဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်အရ “ နိုင်ငံတကာ ပျော်ရွှင်မှုနေ့ ( International Day of Happiness ) ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ရဆုံး နိုင်ငံစာရင်းကို ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းက အဲဒီနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒီ စာရင်းရဲ့ ထိပ်ဆုံး အဆင့်တစ်နေရာမှာ ကမ္ဘာ့အပျော်ရွင်ရဆုံး နိုင်ငံအဖြစ်ရပ်တည်နေတာကတော့ “နော်ဝေနိုင်ငံ“ ဖြစ်ပြီး သူ့ရဲ့ နောက်မှာတော့ ဒိန်းမတ်၊ အိုက်စလန် (Iceland) ၊ ဆွစ်ဇ်ဇာလန်၊ ဖင်လန် နိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေခဲ့ပါတယ်။ ဒီလို ပျော်ရွှင်မှုကို နိုင်ငံအလိုက် ဘယ်လိုနှိုင်းယှဉ်သလဲဆိုတဲ့နည်းကတော့ အရမ်းကို ရိုးစင်းပါတယ်။ နိုင်ငံပေါင်း (၁၅၀) ကျော်က လူဦးရေ တစ်ထောင်ကျော်ကို အခုလို မေးခွန်းမေးတာပါ။

“လှေကားတစ်ခု ရှိတယ်လို့ သဘောထားလိုက်။ အဲဒီ လှေကားမှာ အထစ်တွေ ရှိတယ်။ အောက်ဆုံး ကြမ်းပြင်က လှေကားထစ် အမှတ် သုည၊ လှေကား တစ်ထစ် တက်လိုက်ရင် တစ်၊ နောက်ထပ် တစ်ထစ် ဆက်တက်ရင် လှေကားထစ် အမှတ် နှစ်၊ ထိပ်ဆုံး လှေကားထစ်က လှေကားထစ် အမှတ်တစ်ဆယ် အဲဒီလို ရှိမယ်။  အဲဒီ လှေကားထစ်တွေက လူတစ်ယောက်ရဲ့ ဘဝ အနေအထားကို ဖော်ပြနေမယ် ဆိုပါစို့။ အောက်ဆုံး အမှတ် သုည က အဆိုးဆုံးအနေအထား။ အပေါ်ဆုံး လှေကားထစ် (လှေကားထစ် အမှတ် တစ်ဆယ်) က အကောင်းဆုံး အနေအထားကို ဖော်ပြနေမယ်။  သင်ဆိုရင် အခု လှေကားထစ် အမှတ် ဘယ်လောက်လောက်မှာ ရှိနေမယ်လို့ ထင်သလဲ။ သင့်ဘဝက သုညကနေ တစ်ဆယ်ကြား ဘယ်လောက်လောက်မှာ ရှိနေမလဲ“

နိုင်ငံတစ်နိုင်ငံမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့ အဖြေတွေကို ပျမ်းမျှ တွက်ချက်ပြီး အဲဒီနိုင်ငံရဲ့ ပျော်ရွှင်မှု အတိုင်းအတာကို သတ်မှတ်တာပါ။ ဒါပေမဲ့ ဒီ စာရင်းဇယားရဲ့ အဖြေကို ကြည့်ပြီး ဘာလို့ နိုင်ငံတစ်ခုက တခြားတစ်ခုထက် ပို ပျော်စရာကောင်းနေရလဲဆိုတာကို ဆန်းစစ်ကြည့်တဲ့ အခါမှာ စီးပွားရေးအင်အား (နိုင်ငံသားတစ်ဦးချင်း ပျမ်းမျှဝင်ငွေ)၊ လူမှု ဖူလုံရေး ထောက်ပံ့မှု၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ အလှူအတန်းရက်ရောမှုနဲ့ ယေဘုယျအားဖြင့် တည်ရှိနေတဲ့ အကျင့်ပျက်ခြစားမှု အတိုင်းအတာပမာဏ စတဲ့ အချက်တွေပေါ်မူတည်ပြီး ကွာခြားနေတာကို တွေ့ရပါတယ်။

ဒီနှစ်မှာ ဆိုရင် အမေရိကန်နိုင်ငံဟာ အပျော်ရွင်ရဆုံးနိုင်ငံသတ်မှတ်ချက်မှာ အဆင့် (၁၄)၊ UK နိုင်ငံက အဆင့် (၁၉) နေရာမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။ စာရင်းရဲ့ အောက်ဆုံး အမှတ် ၁၅၅ မှာ ရှိနေတာကတော့ အာဖရိက အလယ်ပိုင်း သမ္မတနိုင်ငံ (Cental African Republic) ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ပုံမှာ မြင်ရတဲ့အတိုင်း အဆင့် ၁၁၄ နေရာက ရပ်တည်နေပါတယ်။

Ref- BBC “Happiness report: Norway is the happiest place on Earth” , “World Happiness Report 2017”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top