မွေးစားအဖေနဲ့ မတွေ့ခင်က ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရောဂါသည်ကလေးလေး

yyl-005-2.jpg

ရိုးရာလေးစာဖတ်ပရိသတ်တွေကို ဒေါင်းဆင်ဒရုန်းရောဂါသည်ကလေးလေးနဲ့ အသက် (၄၀) အရွယ် မွေးစားအဖေအကြောင်းကို ပြောပြပေးချင်ပါတယ်။ သူတို့ရဲ့ သံယောဇဉ်နှောင်ကြိုးက အရမ်းထူးခြားပြီး ဖြတ်တောက်ပစ်လို့ မရနိုင်ပါဘူး။ အဲဒီကလေးက သူ့မွေးစားအဖေနဲ့ မတွေ့ခင်က ဘယ်သူကမှ သူ့ကို မမွေးစားချင်တာကြောင့် အရမ်းသနားစရာကောင်းခဲ့ပါတယ်။ သူ့ရဲ့ဘဝက ဘယ်လိုတွေဖြစ်ခဲ့ပြီး သူ့မွေးစားအဖေနဲ့ ဘယ်လိုတွေ့ဆုံခဲ့လည်းဆိုတာကို ဆက်လက်ဖတ်ရှုလိုက်ကြပါနော်။

အယ်ဘာဆိုတဲ့ ဒေါင်းဆင်ဒရုန်းရောဂါသည် ကလေးလေးရဲ့ဘဝက အစကတည်းက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ သူ့မိခင်က အခုလိုမွေးဖွားလာတဲ့အတွက် သူ့ကို စွန့်ပစ်ခဲ့ပါတယ်။ ကလေးမွေးစားချင်တဲ့ မိသားစုတွေကလည်း ဒီလိုလိုအပ်ချက်ရှိတဲ့ အယ်ဘာကို မမွေးစားချင်ခဲ့ကြပါဘူး။

အသက် (၁၃) ရက်သာရှိသေးတဲ့ အယ်ဘာကို လူအယောက် (၂၀) က ငြင်းပယ်ခဲ့ကြတာပါ။ အခုလက်ရှိအဖေနဲ့ မတွေ့ခင်ကပေါ့။ လူကာ ထရာပါနီ (Luca Trapanese) ဆိုတဲ့အမျိုးသားက အမြဲတမ်း ဖခင်တစ်ယောက် ဖြစ်ချင်နေတဲ့သူပါ။ အီတလီနိုင်ငံက ဥပဒေက ၂၀၁၇ခုနှစ်ထိတိုင်အောင် တစ်ကိုယ်တည်းနေတဲ့ မိဘတွေအတွက် ကလေးမွေးစားဖို့မဖြစ်နိုင်ခဲ့ပါဘူး။ တရားဝင်ခွင့်ပြုတဲ့အခါမှာတောင် လွယ်လွယ်ကူကူမွေးစားလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

လူကာက ကလေးတစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်လိုက်ကတည်းက မသန်စွမ်းတဲ့၊ ရောဂါရှိတဲ့ကလေးကိုပဲ ဂရုစိုက်စောင့်ရှောက်ချင်ခဲ့တာပါ။ သူ ဆယ်ကျော်သက်အရွယ်တုန်းက သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ကုသလို့မရတဲ့ ကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။ နောက်ဆုံးအချိန်ထိ လူကာက သူ့သူငယ်ချင်းဘေးမှာ နေပေးခဲ့တာပါ။ နာကျင်မှုတွေ၊ အကြောက်တရားတွေကို မြင်တွေ့ခံစားဖူးခဲ့တာကြောင့် လိုအပ်နေတဲ့သူတွေကို ကူညီပြီး သူ့ဘဝကို ကုန်ဆုံးချင်ခဲ့ပါတယ်။

လူကာက မသန်စွမ်းတဲ့သူတွေ၊ ရောဂါရှိတဲ့သူတွေကို ကူညီပေးရင်း ဘုရားကျောင်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်နေခဲ့တာပါ။ သူက ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ကလေးလေးကို မွေးစားဖို့ အကြောင်းဖန်လာတဲ့အခါမှာ ဒီကလေးကို စောင့်ရှောက်နိုင်တဲ့ ယုံကြည်ချက် အပြည့်ရှိတဲ့အတွက် မကြောက်ရွံ့ခဲ့ပါဘူးလို့သိရပါတယ်။


ဆေးရုံကနေ ဖုန်းလက်ခံရရှိခဲ့ပြီး ဆေးရုံကို ရောက်သွားတဲ့အချိန်မှာ လူကာက ကလေးလေးကို မြင်ပြီး ချက်ချင်းပဲ သူ့သမီးလေးလို့ ခံစားမိခဲ့တယ်လို့ ဆိုပါတယ်။ အခုဆိုရင် အယ်ဘာလေးက (၁၈) လရှိနေပါပြီ။ အယ်ဘာက အချစ်တွေအများကြီးပုံပေးပြီး ချစ်တဲ့သူ့အဖေ လူကာနဲ့အတူ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် ပျော်ရွှင်စွာနေထိုင်နေပါတယ်။

Ref: A Single Man Adopts a 13-Day-Old Girl With Down Syndrome That Was Rejected 20 Times

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top