အိန္ဒိယနိုင်ငံက ပြည်ပနိုင်ငံတွေကို သီတင်းပတ်အနည်းငယ်အတွင်း ကာကွယ်ဆေး တင်ပို့ပေးမယ်

6-1-2021-yyl10.jpg

အိန္ဒိယနိုင်ငံက သူတို့ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို သီတင်းပတ်အနည်းငယ်အတွင်း ပြည်ပနိုင်ငံတွေထံ တင်ပို့ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ယောက်က ပြောပါတယ်။ ပြည်တွင်းဝယ်လိုအားကို ကာမိစေဖို့အတွက် အိန္ဒိယနိုင်ငံက ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေကို ပြည်ပတင်ပို့ခွင့်ပိတ်ပင်မယ်ဆိုတဲ့ သတင်းတွေကို အမည်မဖော်လိုတဲ့ အရာရှိက ငြင်းပယ်သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေရဲ့ ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများက ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေလုပ်ဖို့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးတင်ပို့မှုကို စောင့်မျှော်လျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca တို့ ပူးပေါင်းဖော်စပ်တဲ့ ကာကွယ်ဆေး (Covishield)နဲ့ အိန္ဒိယကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တဲ့ ကာကွယ်ဆေး (Covaxin)ကို အရေးပေါ်အသုံးပြုခွင့်ပေးထားပါတယ်။

” ကာကွယ်ဆေး အကြီးအကျယ်ထုတ်လုပ်မှုစတင်ပြီးတာနဲ့ ၂ ပတ်အတွင်းမှာ အာရှတောင်ပိုင်း အိမ်နီးချင်းနိုင်ငံတချို့ကို ကာကွယ်ဆေးတွေ တင်ပို့ပေးမှာပါ။ တင်ပို့မှုတချို့ကတော့ ကျွန်တော်တို့လက်ဆောင်အနေနဲ့ ပေးမှာပါ။ တချို့ကိုကျတော့ အစိုးရရဲ့ ဝယ်ရင်းဈေးနီးနီးလောက်နဲ့ ပေးပို့မှာပါ။ အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံအဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေထံ ပေးထားတဲ့ ကတိကဝတ်ကို လုံးဝမမေ့ပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောပါတယ်။

အရေးပေါ်အသုံးပြုခွင့်ရရှိပြီး ၁၀ ရက်အတွင်းမှာ ကာကွယ်ဆေးတွေကို အကြီးအကျယ်ထုတ်လုပ်သွားမယ်လို့ အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန် ရာဂျက်ဘူရှန်က ပြောပါတယ်။ အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီနဲ့ မော်ရိုကိုနိုင်ငံတွေကို လာမယ့်ရက်သတ္တပတ်တွေအတွင်း သဘောတူညီချက်အတိုင်း ကာကွယ်ဆေးတွေ တင်ပို့ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း Covishield ကာကွယ်ဆေးထုတ်လုပ်နေတဲ့ Serum Institute of India ရဲ့ အကြီးအကဲ ပိုနာဝါလာက ပြောပါတယ်။

Ref: BBC ” Coronavirus: India to export Covid vaccines ‘within weeks'”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top