TikTok ဗီဒီယိုတစ်ခုအတွက် ခါဘီလာမဲ ငွေဘယ်လောက်ရလဲ

9-16-2022-yyl-26.jpg

Follower အများဆုံး TikToker ခါဘီလာမဲဟာ TikTok ပို့စ်တစ်ခုအတွက် ငွေကြေးပမာဏများစွာ ရရှိတယ်လို့ Fortune သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ခါဘီလာမဲရဲ့မန်နေဂျာဖြစ်သူ အဲလက်ဆန်ဒရို ရီဂျီအိုက လာမဲဟာ အခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁၀ သန်း ရရှိဖို့ မျှော်လင့်ရတယ်လို့ Fortune သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခု လာမဲက TikTok ပို့စ်တစ်ခုကို ဒေါ်လာ ၇၅၀၀၀၀ အထိ ရရှိနေတယ်လို့ သတင်းဌာနက ဖော်ပြပါတယ်။ ဒါက သတင်းဌာနရဲ့ဝန်ထမ်းတစ်ဦး ပြန်လည်သုံးသပ်ထားတဲ့ စာချုပ်မှာ စာရင်းလုပ်ထားတဲ့ ငွေပမာဏဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးခင်က နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် Hugo Boss က လာမဲကို TikTok ဗီဒီယိုတစ်ခုနဲ့အတူ သူတို့ရဲ့ Milan Fashion Week Show မှာ လျှောက်ဖို့ ဒေါ်လာ ၄၅၀၀၀၀ ပေးခဲ့ပါတယ်။ ဟောလိဝုဒ်စတူဒီယိုကြီးတစ်ခုကလည်း TikTok ဗီဒီယိုတစ်ခုအတွက် လာမဲကို ဒေါ်လာ ၇၅၀၀၀၀ ပေးခဲ့တယ်လို့ စာချုပ်မှာ ဖော်ပြထားပါတယ်။

သူ့အသံမပါဘဲ အမူအရာနဲ့ ရယ်မောပျော်ရွှင်စေတဲ့ ဟာသဗီဒီယိုတွေ ဖန်တီးတဲ့ လာမဲကို ပိုက်ဆံက စိတ်ဓာတ်တက်ကြွအောင် မလုပ်နိုင်ဘူးလို့ သူ့မန်နေဂျာက ပြောပါတယ်။ သူက ဘဏ်ထဲမှာ သူ ပိုက်ဆံဘယ်လောက်ရှိလဲမသိဘူး။ ဒါကို သူ ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ လာမဲကလည်း လူတွေ ရယ်မောပျော်ရွှင်အောင် လုပ်ရတာကြိုက်တယ်။ သူ့မိသားစုကို ချစ်တယ်။ သူ့ကုမ္ပဏီကို ချစ်တယ်လို့ ပြောပါတယ်။

လာမဲက တစ်နေ့ထက်တစ်နေ့ နာမည်ကြီးလာပြီး လော့အိန်ဂျလိစ်က သူ့အိမ်ကို ရောက်လာတဲ့အခါတိုင်း သူ့ပရိသတ်တွေက ကားနောက်ကနေ ပြေးလိုက်လာကြပြီး အားပေးကြတယ်လို့ သူ့မန်နေဂျာက ပြောပါတယ်။ အီတလီမှာ သူ့ပရိသတ် သိပ်မများလို့ လွတ်လွတ်လပ်လပ် သွားလာလို့ ရနိုင်ပေမဲ့ လာမဲက အိမ်ထဲမှာ နေရတာ ပိုကြိုက်ပြီး ကာတွန်းကား Daniel Tiger ထဲက စာသားတွေကို လေ့ကျင့်တယ်။ F1 ဂိမ်းတွေကို သူ့မန်‌နေဂျာနဲ့အတူ ကစားဖြစ်တယ်။ TikTok ဗီဒီယိုတွေအတွက် အကြောင်းအရာတွေ ဖန်တီးတယ်။

အခု လာမဲက အင်္ဂလိပ်စာသင်ယူရင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ မနက်တိုင်း အချိန် (၁) နာရီလောက် အင်္ဂလိပ်စာဆရာနဲ့ အင်္ဂလိပ်စာသင်ယူရုံသာမက အမေရိကန်ကာတွန်းတွေနဲ့ ရုပ်ရှင်ကားတွေကိုလည်း ကြည့်နေပါတယ်။ သူက အောင်မြင်တဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရှေ့ဆက်သွားဖို့ မျှော်လင့်နေတာပါ။ သူ့အိပ်မက်က တစ်နေ့ သရုပ်ဆောင်ဖြစ်လာပြီး အော်စကာဆုရရှိဖို့ပါ။ အရင်ကလည်း လာမဲက ရုပ်ရှင်လောကထဲဝင်ရောက်ပြီး ဝီလ်စမစ်နဲ့အတူ သရုပ်ဆောင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

Ref: Ladbible “Khaby Lame makes a mind-blowing amount of money for each post on TikTok”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top