ကြင်နာတတ်တဲ့နှလုံးသားကြောင့် တန်ပြန်အကျိုးခံစားခဲ့ရတဲ့ အိမ်ခြေရာမဲ့အမျိုးသား

11-1-2021-yyl-16.jpg

အိမ်ခြေရာမဲ့ဆိုတာ ဘဝပေးအခြေအနေကြောင့် နေစရာအိမ်မရှိဘဲ လမ်းမထက်မှာ နေထိုင်နေကြရတာပါ။ သူတို့လည်း လူသားအချင်းချင်းအပေါ်ကြင်နာတရား၊ မေတ္တာတရားထားတတ်ကြပါတယ်။ ရော်ဘီဆိုတဲ့ အိမ်ရာမဲ့အမျိုးသားဆိုရင် သူ့မှာစားစရာ၊ သုံးစရာမရှိရင်နေပါစေ။ တခြားသူဒုက္ခရောက်နေရင် မေတ္တာတရားရှေ့ထားပြီး ကူညီတတ်ပါတယ်။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားက သိပ်မှန်ပါတယ်နော်။ ရော်ဘီက တစ်စုံတစ်ယောက်ကို ကူညီပေးလိုက်တဲ့အတွက် မေတ္တာရောင်ပြန်ဟပ်တယ်လို့ဆိုရမှာပါပဲ။ သူ ကူညီပေးလိုက်တဲ့ အသက် ၂၂ နှစ်အရွယ် ဒိုမီနီချီ ဟာရစ်ဆန် ဘန်တ်ဇန် ဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးက သူ့ကို ကျေးဇူးပြန်ဆပ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူလေးကလည်း သူ့ကို ကူညီပေးဖူးတဲ့သူကို မမေ့ပစ်ဘဲနဲ့ မေတ္တာတရားပြန်ထားပေးတာဖြစ်ပါတယ်။

ရော်ဘီက တက္ကသိုလ်ကျောင်းသူလေးကို ဘယ်လိုကူညီပေးလိုက်တာလဲဆိုရင် ရော်ဘီက ဘာမှမရှိတဲ့ အိမ်ခြေရာမဲ့ဖြစ်ပေမဲ့ သူ့မှာရှိနေတဲ့ ငွေနဲ့ ဒိုမီနီချီကို အိမ်ပြန်ရောက်အောင် ကူညီပေးခဲ့တာပါ။ ဒိုမီနီချီက ညဘက်အပြင်ထွက်ရင်း ဘဏ်ကတ်ပျောက်သွားခဲ့ပါတယ်။ လက်ထဲမှာလည်း သုံးစရာပိုက်ဆံမရှိတော့တာကြောင့် အိမ်ကို ဘယ်လိုပြန်ရမလဲမသိအောင် အခက်ကြုံနေခဲ့ရတာပါ။ သူ့အနီးနားမှာရှိနေခဲ့တဲ့ ရော်ဘီက သူ့ရဲ့အဖြစ်ကို မြင်တွေ့သွားခဲ့ပြီး ဒိုမီနီချီနားကပ်လာကာ သူ့ဆီမှာ ရှိနေတဲ့ ငွေ ၃ ပေါင်ကို ပေးခဲ့ပါတယ်။ ရော်ဘီပေးလိုက်တဲ့ငွေကြောင့် ဒိုမီနီချီလည်း အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်သွားနိုင်ခဲ့ပါတယ်။

ဒိုမီနီချီက အိမ်ခြေရာမဲ့အမျိုးသားရဲ့အကြင်နာတရားအတွက် အရမ်းကျေးဇူးတင်နေတာပါ။ ရက်အနည်းအငယ်ကြာတဲ့အထိ အိမ်ခြေရာမဲ့ကူညီပေးခဲ့တာက ဒိုမီနီရဲ့စိတ်ထဲမှာစွဲနေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အကြင်နာတရားအတွက် တစ်နည်းနည်းနဲ့ ပြန်ပေးဆပ်နိုင်ဖို့ အိမ်ခြေရာမဲ့အမျိုးသားကို ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ အဲဒီအမျိုးသားကို တွေ့ခဲ့တဲ့နေရာ အနီးနားကလူတွေကို လိုက်မေးပြီး ရှာဖွေခဲ့တာပါ။ နောက်တော့ လူတွေအပေါ် အကြင်နာတရားထားပြီး ကူညီပေးလေ့ရှိတဲ့ ရော်ဘီဆိုတာ သိခဲ့ရပါတယ်။

ဒိုမီနီချီလည်း ရော်ဘီကို ရှာတွေ့ပြီး ကျေးဇူးတင်ခွင့်ရခဲ့ကာ သူ့ရဲ့အခြေအနေကိုလည်း သိခဲ့ရပါတယ်။ ဒိုမီနီချီက ရော်ဘီအတွက် အိမ်တစ်လုံးရှာပေးချင်ခဲ့တာကြောင့် ငွေအလှူခံတဲ့ ပေ့ချ်တစ်ခုကို ထောင်ခဲ့ပါတယ်။ သူ့ကို ရော်ဘီက ဘယ်လိုကူညီပေးခဲ့လဲဆိုတာကိုလည်း အွန်လိုင်းပေါ်က သူငယ်ချင်းတွေကို မျှဝေပေးခဲ့ပါတယ်။ ရော်ဘီကို အိမ်ခြေရာမဲ့ဘဝကနေ လွှတ်မြောက်နိုင်ဖို့ ကူညီတဲ့အနေနဲ့ ငွေ (၃) ပေါင်စီ လှူဒါန်းပေးဖို့ ဒိုမီနီချီက တောင်းဆိုခဲ့ပါတယ်။ ဒိုမီနီချီကတော့ အိမ်ငှားပေးဖို့အတွက် ပေါင် ၅၀၀ လောက်ပဲ အလှူခံဖို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်က လူထောင်ပေါင်းများစွာက ရော်ဘီရဲ့အကြင်နာတရားကြောင့် အများကြီးလှူဒါန်းခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ရော်ဘီအတွက် ဒေါ်လာ ၅၆,၀၀၀ (ပေါင် ၄၆,၂၃၁) လောက် ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။

လူတွေက သူ့ရဲ့အကြင်နာတရားအတွက် ဘယ်လောက်တောင် ကျေးဇူးတင်နေတယ်။ ငွေ ဘယ်လောက်လှူဒါန်းခဲ့ကြတယ်ဆိုတာကို ဒိုမီနီချီက ရော်ဘီကို ပြောပြခဲ့ပါတယ်။ ရော်ဘီက သူ့ကို နေစရာစီစဉ်ပေးနိုင်မယ့် ပရဟိတအဖွဲ့ကို လှူဒါန်းငွေတွေကို ပေးခဲ့ပြီး ပိုနေတဲ့ငွေတွေကိုလည်း အခြားအိမ်ရာမဲ့သူတွေကို ကူညီပေးခဲ့ပါတယ်။ အခုဆိုရင် ရော်ဘီက သူ့ရဲ့အိမ်လို့ ပြောနိုင်တဲ့ ဘေးကင်းစွာ အမြဲနေနိုင်မယ့် နေရာရှိနေပါပြီ။

Ref: Understandingcompassion “Kind Homeless Man Gave His Last £3 So College Student Could Get Home; She After Raised £46,000 For Him”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top