အိန္ဒိယကလူငယ်လေးတစ်ယောက် ဂျပန်ကိုရောက်သွားတဲ့အခါမှာ ရထားစီးပါတယ်။ အဲဒီအခါမှာ သူ့အကျင့်အတိုင်းပဲ သူ့ရှေ့ကခုံကို ခြေထောက်နဲ့ကန်ပြီး စီးပါတယ်။ အဲဒီမှာ ဂျပန်အဘိုးကြီးတစ်ယောက် ရောက်လာပြီး သူကန်ထားတဲ့ ခြေထောက်နေရာကို ဝင်ထိုင်လိုက်ပါတယ်။ အဲဒီအခါ အိန္ဒိယလူငယ်လေးက စိတ်တိုသွားပါတယ်။
ဒါနဲ့ပဲ အိန္ဒိယကလူငယ်လေးက “ဒီမှာ ဟေ့လူ တခြားနေရာတွေအများကြီးရှိနေလျက်နဲ့ ဘာဖြစ်လို့ ကျွန်တော် ခြေထောက်တင်ထားတဲ့နေရာကို ထိုင်ရတာလဲ” လို့မေးလိုက်ပါတယ်။
ဂျပန်အဘိုးကြီးကလည်း “မင်းဟာ ငါတို့နိုင်ငံရဲ့ပစ္စည်းတွေကို ဖျက်ဆီးတဲ့သူ။ ငါ မင်းကို အရမ်းစိတ်ဆိုးတယ်။ ဒါပေမဲ့ မင်းဟာ ဧည့်သည်တစ်ယောက်ဖြစ်နေတဲ့အတွက် လူရှေ့ သူရှေ့မှာ မင်းကို ငါမဆဲပါဘူး။ မင်းက ရှေ့တည့်တည့်ကခုံကို ခြေထောက်နဲ့ ကန်ပြီးထိုင်တာ မင်းရဲ့ပင်ကိုအကျင့် ဖြစ်မယ်လို့ ငါထင်တယ်။ မင်းဘာသာ ဘယ်လိုပဲနေတတ်နေတတ် ငါတို့နိုင်ငံရဲ့ ပစ္စည်းတွေကိုတော့ ငါ အပျက်အစီးမခံနိုင်ဘူး။ ဒါကြောင့် မင်းအဲဒီလို မျက်စိရှေ့ကခုံကို ခြေထောက်နဲ့ကန်ပြီး မထိုင်ပါနဲ့။ ငါ့အပေါ်ကို မင်းခြေထောက်တွေ တင်လိုက်ပါ” လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီလို ပြောလိုက်တဲ့အဘိုးအိုကို အိန္ဒိယလူငယ်လေးက အရမ်းလေးစားမိသွားပါတယ်။
အဘိုးအိုက ဆက်ပြီး ” ဒီပစ္စည်းတွေဆိုတာဟာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေပါ။ ဒါကြောင့် ဒီလို အများပိုင်ပစ္စည်းတွေကို ငါတို့ ပြည်သူတွေက ထိန်းသိမ်းစောင့်ရှောက်ရမယ်။ မင်းအနေနဲ့ အခြားနိုင်ငံကို အလည်ပတ်သွားတဲ့အခါ အခုလို လုပ်မယ်ဆိုရင် မင်းအဆဲခံရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
သင်ခန်းစာ – နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပြည်သူပိုင်ပစ္စည်းတွေဆိုတာ ရှိပါတယ်။ ဒီပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းရမှာက ပြည်သူတွေပါပဲ။
Team (ရိုးရာလေး)