ခြံစည်းရိုးပေါ်က သံချက်ရာများ

anger-management-tips.jpg

တစ်ခါက ဘယ်အရာကိုမဆို ဒေါသထွက်လွယ်၊ စိတ်တိုလွယ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ ကောင်လေးရဲ့စိတ်တို ဒေါသထွက်လွယ်တတ်တဲ့ အကျင့်စရိုက်ကို ပြုပြင်ဖို့ အဖေဖြစ်တဲ့သူက နည်းလမ်းမျိုးစုံ စဉ်းစားကြည့်တဲ့အခါ

နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အိမ်ရိုက်သံတွေ ထည့်ထားတဲ့ အိတ်တစ်အိတ်နဲ့ တူတစ်ချောင်းကို ကောင်လေးကိုပေးပြီး “သား မင်းစိတ်တို ဒေါသဖြစ်တဲ့အခါတိုင်း ဒီအထုပ်ထဲက သံတစ်ချောင်းကို အိမ်ရှေ့ကခြံစည်းရိုးမှာ တစ်ခါရိုက်ထားလိုက်ပါ”လို့ ပြောခဲ့ပါတယ်။

သားဖြစ်သူကလည်း အဲဒီနေ့ကစပြီး ဒေါသဖြစ်တဲ့ အခါတိုင်း ခြံစည်းရိုးမှာ သံတစ်ချောင်းကို ရိုက်သွင်းခဲ့တာမှာ ပထမဆုံးနေ့မှာပဲ သံ (၃၇) ချောင်းအထိ ရိုက်သွင်းဖြစ်ခဲ့ပါတယ်။

တစ်ပတ်လောက်အကြာမှာတော့ တဖြည်းဖြည်းနဲ့ ဒေါသကိုချုပ်ထိန်းလာနိင်ခဲ့ပြီး ခြံစည်းရိုးမှာ ရိုက်သွင်းတဲ့ သံအရေအတွက်ကလည်း လျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သံကို ခြံစည်းရိုးမှာ ရိုက်သွင်းစရာ မလိုတော့လောက်အောင် သူ့ဒေါသကို ထိန်းချုပ်လာနိင်ခဲ့ပါတယ်။

အဲဒီနောက် ကောင်လေးက အဖေဖြစ်သူကို ” အဖေ ကျွန်တော် အခုဆိုရင် သံရိုက်စရာမလိုတော့လောက်အောင် ဒေါသထိန်းချုပ်နိင်ပါပြီ “လို့ပြောတဲ့အခါ အဖေဖြစ်သူက ” ဒါဆိုရင်တော့ အခုရိုက်ထားတဲ့ သံတွေကို ဖြည်းဖြည်းချင်း ပြန်ဆွဲနုတ်ကြည့်ပါအုံး ငါ့သား”လို့ ဆိုလိုက်ပါတယ်။

ကောင်လေးက ခြံစည်းရိုးက သံတွေအားလုံး ကင်းစင်အောင် နုတ်ပြီးသွားတဲ့အခါကျတော့ အဖေဖြစ်သူက ” တော်တယ် ငါ့သား မင်းအကောင်းဆုံးလုပ်နိုင်ခဲ့တာပဲ ဒါပေမဲ့ သံနုတ်ထားတဲ့ နေရာတွေကို ပြန်ကြည့်လိုက်ပါဦးကွ နဂိုပုံစံမဟုတ်တော့ဘဲ အပေါက်အရာတွေ ဖြစ်နေပြီ ဒီလိုပဲ စိတ်တိုပြီး ဒေါသလျောက် ပြုမူမိတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေက ဒေါသပြေပျောက်တဲ့အခါ မင်းအတွက် ဘာမှမဟုတ်တော့ပေမဲ့ တစ်ဘက်သားအတွက်တော့ နာကျင်ခံစားသွားစေနိင်တယ် ဒါကြောင့် ဘယ်ကိစ္စမဆို ဒေါသကို ရှေ့တန်းမတင်ဘဲ အရာရာကို စိတ်ရှည်ရှည်နဲ့ ဖြေရှင်းသင့်တယ် ငါ့သားရဲ့” လို့ အဖေဖြစ်သူက ဆုံးမလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေ အဓိကပေးချင်တဲ့ အသိကတော့ ခဏတာ စိတ်ကို အလိုလိုက်ပြီး ဒေါသထွက်လိုက်မိပေမဲ့ တစ်ဘက်သားအတွက် နာကျင်စရာဖြစ်သွားနိင်တယ်ဆိုတာပါပဲ။ဘာမဟုတ်တဲ့ ဒေါသစိတ်လေးကြောင့် တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားသွားရနိုင်ပါတယ်။ ဒေါသစိတ်ကြောင့် ပြောလိုက်ဆိုလိုက်မိတဲ့ စကားတစ်ခွန်းက ပေါင်းသင်းဆက်ဆံရေးမှာ အဖုအထစ်တစ်ခု ဖြစ်စေတာကြောင့် ဒေါသစိတ်ကို တတ်နိုင်သလောက် ထိန်းဖို့ လိုအပ်ပါတယ်။

 

Ref: Control Your Temper

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top