ဘာလို့ အမြဲတမ်း ဗိုက်ဆာနေရတာလဲ

1-13.jpg

ဗိုက်ဆာတယ်ဆိုတာ နေ့စဉ် ဘဝ လှုပ်ရှားမှုအတွက် လိုအပ်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။ ဆာလောင်တာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ၊ ကြွက်သား တည်ဆောက်မှုတွေကို ထိန်းသိမ်းပေးပြီး ပြေးတာ၊ လမ်းလျှောက်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ ပြီးသွားတဲ့အခါ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

အများကြီးစားသောက်တာက ကိစ္စမရှိပေမဲ့ အမြဲတမ်း ဆာလောင်နေတာမျိုး ဖြစ်တတ်ပါတယ်။ သင်ဟာ နို့တိုက်ကျွေးသူ တစ်ယောက် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်တစ်ယောက် မဟုတ်ဘူးဆိုရင်တော့ ခဏခဏ ဆာလောင်နေတာနဲ့ ပတ်သက်ပြီး သိထားသင့်ပါတယ်။ ဒါကြောင့် တစ်ချိန်လုံး ဗိုက်ဆာနေရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

အမျှင်ဓာတ် မလုံလောက်ခြင်း

အမျှင်ဓာတ် မပြည့်ဝတဲ့ အစားအစာတွေဟာ သင့်ရဲ့ အစာခြေစနစ်ကို လျင်မြန်စေပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် အစာ စားဖို့အတွက် အမြန် ဆာလောင်တတ်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝချင်ရင် စားတဲ့ အစားအသောက်တွေထဲမှာ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း စားသုံးသင့်ပါတယ်။

အစာစားချိန် ဝေးကွာလွန်းခြင်း

စဉ်ဆက်မပြတ် ဗိုက်ဆာနေတာဟာ သင် အစာစားထားတာ အရမ်းကြာနေပြီလို့ ခန္ဓာကိုယ်ကို အချက်ပြနေတာ ဖြစ်ပါတယ်။ တစ်နေ့ သုံးကြိမ် စားမဲ့အစား သင့်ရဲ့ခန္ဓာကိုယ် လှုပ်ရှားမှုပေါ် မူတည်ပြီး သင်ဟာ သုံးလေးနာရီကို တစ်ခါ အဆာပြေ စားသုံးဖို့ လိုပါလိမ့်မယ်။

အိပ်ရေးပျက်ခြင်း

အနားယူတာ လုံလောက်မှု မရှိရင်လည်း သင့်ခန္ဓာကိုယ်ထဲက ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းကို သက်ရောက်မှု ရှိနိုင်ပါတယ်။ အိပ်ရေးမဝတဲ့သူတွေဟာ စားသောက်ချင်စိတ်တွေ ပိုများတတ်ပါတယ်။ ပင်ပန်း နွမ်းနယ်နေတဲ့အချိန်မှာ ကယ်လိုရီဓာတ် မြင့်မားတဲ့ အစားအသောက်တွေ ပိုစားချင်စိတ် ဖြစ်တတ်ပါတယ်။

သကြားဓာတ် လျော့ကျနေခြင်း

ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် လျော့ကျနေရင်လည်း မကြာခဏ ဆာလောင်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ စွမ်းအင်အတွက် သကြားဓာတ် မလုံလောက်တဲ့အခါ ဆာလောင်မှုတွေ ခံစားရတတ်ပါတယ်။ ဆီးချိုရောဂါ ရှိတဲ့သူတွေအတွက်ဆိုရင်တော့ သကြားဓာတ် လျော့ကျတာဟာ စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ်။

Ref: “Why am I always hungry?”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top