သေဆုံးသွားတဲ့ အလှူရှင်ဆီက သားအိမ်ကို အစားထိုးပြီး ကလေး မွေးဖွားနိုင်ခဲ့မှု

47684107_391215364955765_6624137801606627328_n.jpg

သားအိမ်မပါတဲ့ အမျိုးသမီးတစ်ဦးဟာ သေဆုံးသွားတဲ့ အလှူရှင်ဆီက သားအိမ်ကို အစားထိုးပြီး ကလေးမွေးဖွားနိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါတယ်။ မွေးလာတဲ့ကလေးလေးဟာ အလေးချိန် ၆ ပေါင်ရှိပြီး ကလေးမွေးဖွားမှု သမိုင်းမှာတော့ မှတ်တမ်းတစ်ခုအနေနဲ့ ကျန်ရှိခဲ့ပါပြီ။

အရင်ကတော့ အသက်ရှင်နေတဲ့ အလှူရှင်တွေဆီကနေ သားအိမ်အစားထိုးမှုတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်ကစလို့ ဒီလို သားအိမ်အစားထိုး ကလေးမွေးဖွားမှု ၁၁ ကြိမ်ရှိခဲ့ပြီး လှူတဲ့သူတွေကလည်း အရင်းနှီးဆုံး သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေထဲက လှူချင်တဲ့သူပဲ ဖြစ်ရမယ်ဆိုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်၊ ချက်သမ္မတနိုင်ငံနဲ့ တာကီတို့မှာ သေဆုံးသွားတဲ့ အလှူရှင်တွေဆီက သားအိမ်နဲ့ အစားထိုးဖို့ ၁၀ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ဘဲ အခုတစ်ကြိမ်မှာမှ ပထမဆုံးအဖြစ် အောင်အောင်မြင်မြင်နဲ့ ကလေး မွေးဖွားပေးနိုင်ခဲ့တာပါ။

ရှစ်နာရီကြာ အောက်စီဂျင် မရရှိတော့တဲ့ အလှူရှင်ဆီက သားအိမ်ကို အသက် ၃၂ နှစ်အရွယ် ဘရာဇီး အမျိုးသမီးဆီမှာ ၂၀၁၆ စက်တင်ဘာလတုန်းက အစားထိုးပေးခဲ့တာ ဖြစ်ပါတယ်။ အလှူရှင်ဟာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဦးနှောက် သွေးယိုစိမ့်မှုအပြင် လေဖြတ်တာကြောင့် သေဆုံးသွားသူ ဖြစ်ပါတယ်။ အလှူရှင်ဆီကနေ သားအိမ်ကို ဖယ်ထုတ်ယူပြီး သူ့ရဲ့သွေးကြောတွေ၊ မွေးလမ်းကြောင်းတွေနဲ့ ဆက်ရတဲ့ ခွဲစိတ်မှုဟာ ၁၀ နာရီခွဲကျော်လောက် ကြာမြင့်ခဲ့ပါတယ်။

ခွဲစိတ်မှုပြီးတဲ့နောက် သူ့ကို အရေးပေါ်ခန်းမှာ နှစ်ရက်ကြာထားပြီး ကိုယ်တွင်း အင်္ဂါ အစားထိုးထားတဲ့သူတွေအတွက် အထူးကြပ်မတ်ခန်းထဲမှာ ခြောက်လလောက် ထပ်နေခဲ့ရပါတယ်။ အစားထိုးပြီး ငါးလအကြာထိ အစားထိုးသားအိမ်ဟာ ဘာဆန့်ကျင်လက္ခဏာမျ မပြတဲ့အတွက် ခုနှစ်လကြာတဲ့အခါ မမျိုးဥတွေ ထည့်သွင်းခဲ့ပြီး နောက် ၁၀ ရက်အကြာမှာတော့ ကိုယ်ဝန်ရှိကြောင်း သေချာလာခဲ့ပါတယ်။ ၃၅ ပတ်နဲ့ သုံးရက်အကြာ ကိုယ်ဝန်ဆောင်ကာလစေ့ချိန်မှာ မိန်းကလေးငယ်တစ်ဦးကို မွေးဖွားနိုင်ခဲ့ပြီး မွေးဖွားပြီးပြီးချင်းပဲ အစားထိုးထားတဲ့သားအိမ်ကို ပြန်လည်ဖယ်ထုတ်ပေးခဲ့ပါတယ်။

ဒီလို အစားထိုးမှုမျိုးအတွက် အသက်ရှင်နေဆဲ တိုက်ရိုက်အလှူရှင်တွေ ရှားပါးတတ်တာကြောင့် သေဆုံးသွားတဲ့ အလှူရှင်ဆီကနေ အင်္ဂါအစားထိုးတာကပဲ အဆင်ပြေတဲ့အပြင် ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။ အခု သားအိမ်အစားထိုးအောင်မြင်မှုဟာ သားအိမ်ပြဿနာကြောင့် မျိုးမပွားနိုင်ဘဲ ကလေးမွေးစားရတဲ့အမျိုးသမီးတွေအတွက် မျှော်လင့်ချက် အများကြီးရှိလာစေတဲ့ ဆေးပညာဆိုင်ရာ တိုးတက်မှုတစ်ခုလည်း ဖြစ်နေပါတယ်။

Ref: www.msn.com “Baby girl becomes first born after womb transplant from deceased donor ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top