ကိတ်တောင်းရဲ့ ရေပြတ်လတ်မှုဟာ သတိပေးချက်တစ်ခုလေလား

maxresdefault.jpg

အခုနှစ်အစောပိုင်းမှာ ကိတ်တောင်းမြို့ (Cape Town)ဟာ ရာစုနှစ်အတွင်း အဆိုးဝါးဆုံး ရေပြတ်လတ်မှု ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ အာဖရိကမြို့ကြီးတစ်ခုရဲ့ မြို့နေလူဦး​ရေ လေးသန်းလောက်ဟာ သောက်သုံးရေရရှိဖို့အတွက် အသည်းအသန်ကြိုးစားရှာဖွေခဲ့ရပါတယ်။ ရန်ဖြစ်လုယက်ကြမှာစိုးလို့ လက်နက်ကိုင်အစောင့်တွေ ထားပေးရသည်အထိ ရေပြတ်လတ်ခဲ့ပါတယ်။ တစ်ကယ်တော့ ရေပြတ်လတ်မှုဟာ ကိတ်တောင်းတစ်ခုထဲကို သက်ရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ သန့်ရှင်းတဲ့ သောက်သုံးရေ၊ သုံးစွဲဖို့ ရေချိုပမာဏဟာ သိသိသာသာကို လျှော့နည်းလာနေပါပြီ။

လူဦးရေ တိုးတက်များပြားလာမှုနဲ့ စံချိန်တင်လောက်တဲ့ မိုးခေါင်မှုပြဿနာတွေ၊ အဓိကအားဖြင့် ရာသီဥတုပြောင်းလဲလာခြင်း ကမ္ဘာကြီးပူနွေးလာခြင်း အစရှိသဖြင့် တစ်ခုနဲ့တစ်ခု အဆက်စပ်ရှိတဲ့ သက်ရောက်မှုတွေဟာ ကိတ်တောင်းကို အဆိုးဝါးဆုံး သက်ရောက်ခဲ့ပြီး အာဖရိကခေါင်းဆောင်တွေဟာ Day Zero လို့ နာမည်ပေးထားတဲ့ ရေချိုတစ်စက်မှ မရတဲ့အခြေအနေထိ ရောက်သွားမယ် မှန်းထားကြတာပါ။ ကံကောင်းစွာနဲ့ပဲ အဲ့နေ့ကို ဧပြီလလယ်လောက်အထိ ရွှေ့ဆိုင်းနိုင်ထားကြပါတယ်။ တစ်မြို့လုံးလည်း ရေချွေတာသုံးဖို့ ဆော်ဩထားကြပါတယ်။ ရာသီဥတုပြောင်းလဲလာမှု၊ လူဦးရေနဲ့ ရေသုံးစွဲမှု အချိုးမကျရင်တော့ ဒါဟာ သဘာဝရဲ့ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အသွင်ပြောင်းသွားနိုင်ပါတယ်။

မြို့ထဲမှာလည်း အရေးပေါ်ရေရနိုင်မယ့်နေရာတွေ စီစဉ်ထားရပါတယ်။ တစ်ခုခြင်းဆီဟာ လူပေါင်း နှစ်သောင်းလောက်ကို ရေဝေမျှပေးနိုင်ပါတယ်။ ဇန်နဝါရီလအစောပိုင်းလောက်မှာ အာဏာပိုင်တွေက မြို့နေလူအများကို တစ်နေ့ကို ရေ ၅ဝလီတာလောက် မျှဝေသုံးစွဲပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ အကုန်လုံးကလည်း Day Zero ကို ကြောက်နေကြပါတယ်။ တစ်ကယ်တော့ ကိတ်တောင်းဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ထဲက သတိပေးချက်ကို ရရှိပြီးသားပါ။ သိသိသာသာပိုပြီးခြောက်သွေ့လာတာ၊ မိုးရေခ်ျိန်နည်းလာတာ၊ ရေစီးကြောင်းတွေ ပြောင်းလဲသွားတာစသဖြင့်ပေါ့။ ဒါပေမယ့် သတိမမူ ဂူမမြင်ဆိုသလိုပဲ ဘယ်သူမှ အရေးတယူမလုပ်ခဲ့တာကလည်း ကိတ်တောင်းကို ဒီလိုအခြေအနေရောက်အောင် တွန်းပို့ပေးခဲ့တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

တစ်ခြားမြို့ကြီးများလည်း အလားတူပါပဲ။ အီရန်မှသည် ဆိုမာလီယာအထိ အာရေဘီယန်ပင်လယ်စပ်က နိုင်ငံတွေမှာ ရာသီဥတု သိသိသာသာပြောင်းလဲမှုတွေ ကြုံတွေ့ရပါတယ်။ မက္ကဆီကိုစီးတီး၊ အိန္ဒိယ၊ ဩစတေးယျက မြို့တွေ၊ ဂျာကာတာ စသဖြင့် ကမ္ဘာ့အနှံ့က နိုင်ငံတွေ မြို့တွှေဆီမှာ ရေရှားပါးမှုဟာ မခေါ်လာပဲလာတဲ့ ပြဿနာတစ်ခု ဖြစ်လာနေပါပြီ။ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များလွန်းလို့ မြို့တွေက မြေကြီးထဲ လျင်လျင်မြန်မြန်နစ်ဝင်နေခဲ့ပါပြီ။ ဒါဟာ သဘာဝရဲ့သတိပေးချက်တစ်ခုမို့ မေ့မေ့လျော့လျော့မနေသင့်ပါဘူး။

Ref: National Geographic :Why Cape Town is Running Out of Water, And Who’s Next

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top