ဂျာဗားပင်လယ်ထဲ ထိုးမကျခင် (၁၂) မိနစ်အတွင်း Lion Air လေယာဉ်ကြုံခဲ့ရတဲ့ ဖြစ်စဉ်အသေးစိတ်

pl1.jpg

၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာလေဆိပ်ကနေ ပျံတက်ခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် (၆၁၀) လေယာဉ်ကို ပျံသန်းခွင့်မပေးသင့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလေယာဉ်ဟာ အရင်ခရီးစဉ်မှာတုန်းက မိုင်နှုန်းနဲ့ အမြင့်ပေဖော်ပြမှုတွေ မှားယွင်းခဲ့လို့ပါပဲ။

ဒါပေမဲ့ လေယာဉ်မှာ ချွတ်ယွင်းချက်ရှိနေတာကို လေယာဉ်မှူးတွေ သတိထားမိလားဆိုတာ တိတိကျကျ မသိပါဘူး။ အောက်တိုဘာလ (၂၉) ရက်နေ့ နံနက် (၆) နာရီ (၂၀) မိနစ်မှာ လေယာဉ် စတင်ထွက်ခွာခဲ့ပါတယ်။

လေယာဉ်ပျံတက်တာနဲ့ ချက်ချင်းဆိုသလိုပဲ တစ်ခုခုတော့ မှားနေပြီဆိုတဲ့ ပထမဆုံး အချက်ပေးမှု ကြုံခဲ့ရပါတယ်။ ထိန်းချုပ်ရေးလက်ကိုင်(control column)က အသံမြည်တဲ့အထိ လှုပ်ယမ်းလာသလို လေယာဉ်စက်ရပ်ပြီး ပျက်ကျနိုင်သွားတဲ့ အန္တရာယ်ရှိနေပြီဆိုတဲ့ သတိပေးချက် ထွက်ပေါ်လာပါတယ်။

လေယာဉ်က ဦးမော့ပျံတက်နေပေမဲ့ လေယာဉ်မှူးတွေက အမြင့်ပေနဲ့ အမြန်နှုန်းဖော်ပြမှု မှန်ကန်အောင် မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် လေကြောင်းထိန်းချုပ်ရေးစခန်းကို အကူအညီတောင်းခဲ့ပါတယ်။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးကြားက အရေးပါတဲ့ ဆင်ဆာနှစ်ခုမှာ မိုင်နှုန်းနဲ့ အမြင့်ပေ ဖော်ပြချက်တွေ ကွဲလွဲနေပါတယ်။

အဲဒီနောက်မှာတော့ လေယာဉ်က အမြင့်ပေ ၇၀၀ ကျော် ကျဆင်းသွားခဲ့လို့ လေယာဉ်စက်ခန်းထဲက ရှုပ်ထွေးမှုတွေ ပိုဆိုးလာခဲ့ပါတယ်။ ” လေယာဉ်တစ်စင်း စတင်ပျံတက်ပြီးချိန်မှာ အမြင့်ပေကျဆင်းသွားတာ ပုံမှန်မဟုတ်ပါဘူး။ ပုံမှန်မဟုတ်ဘူးဆိုတာထက် ပိုဆိုးပါတယ်။ လက်မခံနိုင်စရာကိစ္စပါ”လို့ လေယာဉ်မှူးများအစည်းအရုံး(Allied Pilots Association)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒင်းနစ်တာဂျာက ပြောပါတယ်။

သတိထားစရာကိစ္စတစ်ခု ထပ်ဖြစ်လာပြန်ပါတယ်။ လေယာဉ်ရဲ့ ကွန်ပျူတာစနစ်က လေယာဉ်ကို ဦးစိုက်အောင်လုပ်နေပါတယ်။ လေယာဉ်မှူးတွေက လေယာဉ်အမြင့်ပေကျဆင်းမှုကို ပြန်ထိန်းနိုင်ခဲ့ပေမဲ့ လေကြောင်းထိန်းသိမ်းရေးစခန်းကတော့ ”လေကြောင်းထိန်းသိမ်းရေးပြဿနာ ကြုံနေရပြီ”လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

လေယာဉ်အပြင်ဘက်မှာတော့ လေယာဉ်ဦးပိုင်း ထောင့်ချိုးဆင်ဆာ(angle of attack sensor)တစ်ခုက လေယာဉ်ဦးပိုင်း အရမ်းမော့လွန်းနေတဲ့အတွက် လေယာဉ်စက်ရပ်သွားနိုင်တယ်လို့ မှားယွင်းဖော်ပြခဲ့ပါတယ်။ အဲဒီအတွက် M.C.A.S လို့ အမည်ရတဲ့ အလိုအလျောက်စနစ် အသက်ဝင်လာဖွယ်ရှိပါတယ်။ အဲဒီစနစ်ဟာ လေယာဉ်အမြီးပိုင်းက တောင်ပံရှေ့ပိုင်းကို အလိုအလျောက်အပေါ်တွန်းတင်ပေးပြီး လေယာဉ်ဦးပိုင်း ထိုးစိုက်သွားအောင် လုပ်ပေးတာပါ။

ဒါပေမဲ့ လေယာဉ်မှူးတွေက အဲဒီအလိုအလျောက်စနစ်ကို မသိကြပုံပါပဲ။ အဲဒီစနစ်ဟာ ဘိုးရင်း ၇၃၇ လေယာဉ်တွေမှာ အသစ်ထပ်သွင်းလိုက်တဲ့စနစ်ဖြစ်ပြီး လေယာဉ်မှူးတော်တော်များများ သတိမထားမိကြပါဘူး။ အဲဒါကြောင့် လေယာဉ်မှူးတွေဟာ လေယာဉ်အမြီးပိုင်းက တောင်ပံရှေ့ပိုင်းကို အောက်ပြန်ချပြီး လေယာဉ်ဦးပိုင်း ထိုးတက်သွားအောင် ကြိုးစားခဲ့ပါတယ်။ လေယာဉ်နဲ့ လေယာဉ်မှူးတွေကြားက လွန်ဆွဲပွဲကြောင့် လေယာဉ်ဦးပိုင်း မော့လိုက်၊ ပြန်ကျလိုက် ဖြစ်ခဲ့တာ ၂၄ ကြိမ်ကျော် ရှိပါတယ်။

အလိုအလျောက်စနစ်နဲ့ ရင်ဆိုင်နေရချိန်မှာ လေယာဉ်မှူးတွေက လေယာဉ်ဦးမော့လာစေဖို့ လေယာဉ်တောင်ပံနဲ့ ချိတ်ဆက်ထားတဲ့ စက်ခလုတ်(electric stabilizer trim switch)ကို ထပ်ဖန်တလဲလဲ အောက်ဆွဲချခဲ့ပါတယ်။ ခလုတ်ကို အောက်ဆွဲချပေမဲ့ အလုပ်မဖြစ်ပါဘူး။ (၁၀) စက္ကန့်ကြာတာနဲ့ အလိုအလျောက်စနစ်က ပြန်အသက်ဝင်လာတာပါပဲ။ လေယာဉ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် လေယာဉ်မှူးတွေက လေယာဉ်စက်ခန်းအလယ်စက်ခုံက ခလုတ်နှစ်ခုကို ဆွဲတင်၊ ဆွဲချလုပ်ပြီး အလိုအလျောက်စနစ် ပျက်သွားအောင်လုပ်တာ၊ လေယာဉ်တောင်ပံရဲ့ စက်ခလုတ်ကို ပိတ်ပစ်တာမျိုး လုပ်နိုင်ပါတယ်။ ပြီးတော့ လေယာဉ်ကို တည့်မတ်နိုင်ဖို့ စတီယာရင်ကို ကိုင်တွယ်ခဲ့ဖွယ်ရှိပါတယ်။

ဒါပေမဲ့ လေယာဉ်မှူးတွေဟာ သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဘိုးရင်းကုမ္ပဏီရဲ့ စနစ်သစ်ကို ဖြေရှင်းနိုင်ခဲ့ပုံမပေါ်ပါဘူး။ နောက်ဆုံးအခိုက်အတန့်မှာတော့ သွေးရူးသွေးတန်း ဖြစ်လာကြပါတယ်။ ရာသီဥတုမကောင်းလို့ လေယာဉ်ကို ပြန်လှည့်လာချင်တယ်လို့ တွဲဖက်လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေးစခန်းကို ပြောခဲ့ပါတယ်။ လေယာဉ်ထဲက စက်ကိရိယာတွေမှာ အမြင့်ပေဖော်ပြမှုတွေ အလွဲလွဲအမှားမှား ဖြစ်နေတယ်လို့ လေယာဉ်မှူးက ပြောပါတယ်။

အလိုအလျောက်စနစ်နဲ့ အားပြိုင်ရတဲ့ တိုက်ပွဲမှာ လေယာဉ်မှူးတွေ ရှုံးနိမ့်ခဲ့ပါတယ်။ လေယာဉ်မှူးတွေက လေယာဉ်ကို ပြန်ထိန်းနိုင်ဖို့ ထိန်းချုပ်ရေးလက်ကိုင်ကို သည်းကြီးမဲကြီး ဆွဲထားကြပေမဲ့ အချိန်အရမ်းနှောင်းသွားခဲ့ပါပြီ။ လေယာဉ်ဟာ တစ်နာရီ မိုင် (၄၅၀) နှုန်းနဲ့ ပေ (၅၀၀၀) အမြင့်ကနေ ဂျာဗားပင်လယ်ထဲကို ထိုးစိုက်ဆင်းသွားခဲ့ပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၈၉ ယောက်လုံးလည်း သေဆုံးသွားခဲ့ပါတယ်။

ဒါပေမဲ့ ဘိုးရင်းကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ 737 Max ( လေကြောင်းအမှတ် (၆၁၀) လေယာဉ်မော်ဒယ်)လေယာဉ်အမျိုးအစားရဲ့ လုံခြုံရေးပိုင်းကို ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။ ” စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲမို့လို့ သီးခြားအကြောင်းအရာတွေကို ရွေးထုတ်ပြီး ဆွေးနွေးလို့ မရနိုင်သေးပါဘူး။ အခုလို အခြေအနေမျိုးအတွက် လက်ရှိကျင့်သုံးနေတဲ့ လုပ်နည်းလုပ်ဟန်တွေ၊ လုပ်ဆောင်ရမယ့် အဆင့်တွေနဲ့ပတ်သက်ပြီး လေကြောင်းလိုင်းတွေကို ပို့ချမှုအသစ် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်”လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Ref: The New York Times
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top