ပြန်တွဲပြီး တစ်နှစ်နီးပါးအကြာမှာ လမ်းခွဲလိုက်ပြန်တဲ့ လီယမ်ပိန်းနဲ့ မာယာ ဟင်နရီ

24-5-2022-yyl-17.jpg

One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း နဲ့ မင်းသမီး မာယာဟင်နရီတို့ အချစ်ရေးပြန်စပြီး တစ်နှစ်နီးပါးအကြာမှာ ထပ်ပြီး ပြတ်ဆဲလိုက်ကြပြန်ပါပြီ။ လမ်းခွဲလိုက်တယ်ဆိုတဲ့သတင်းက လီယမ်ပိန်းနဲ့ အခြားအမျိုးသမီးတစ်ယောက်အတူ ဓာတ်ပုံရိုက်ခဲ့ပြီးတဲ့နောက် ထွက်ရှိလာခဲ့တာပါ။ လီယမ်ပိန်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက သူတို့အတွဲဟာ လွန်ခဲ့တဲ့ ၁ လကျော်က လမ်းခွဲခဲ့တာဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

အခြားအမျိုးသမီးတစ်ယောက်ကို လီယမ်ပိန်း ဖက်ပြီးရိုက်ထားတဲ့ဓာတ်ပုံအပေါ် မာယာဟင်နရီ ပြန်လည်တုံ့ပြန်ထားတဲ့သတင်းကလည်း လူပြောများခဲ့ပါတယ်။ Fan Page တစ်ခုက အဲဒီဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး မာယာကို tag တွဲခဲ့ပါတယ်။ အဲဒီပို့စ်ရဲ့ကွန်မန့်မှာ မာယာက “ကျေးဇူးပြုပြီး အခြားမိန်းမတစ်ယောက်ကို ပခုံးကနေသိုင်းဖက်ထားတဲ့ ကျွန်မသတို့သားလောင်းရဲ့ဒီဓာတ်ပုံတွေကို ကျွန်မဆီ မပို့ပါနဲ့တော့။ အဲဒီအမျိုးသမီးက ကျွန်မမဟုတ်ဘူး။ အဲဒါကို မမြင်ရရင်ဘဲ ဖြစ်ခဲ့တဲ့အရာကို သိနေရတာနဲ့တင်ခက်ခဲပါတယ်။ အခု တော်သင့်ပါပြီ”လို့ ရေးသားခဲ့ပါတယ်။

လီယမ်ပိန်းနဲ့ မာယာဟင်နရီတို့က ၂၀၁၉ခုနှစ်မှာ စတွဲခဲ့ကြပြီး ၂၀၂၀ခုနှစ် ဩဂုတ်လမှာ စေ့စပ်ကြောင်းလမ်းတဲ့သတင်းကို ကြေညာခဲ့ပါတယ်။ ၂၀၂၁ခုနှစ် ဇွန်လမှာ သူတို့အတွဲ လမ်းခွဲလိုက်ပြီဆိုတာကို လီယမ်ပိန်းက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ကုန်လောက်မှာ သူတို့ ပြန်တွဲခဲ့ကြပြီး နောက်တစ်ကြိမ် စေ့စပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကတော့ လီယမ်ပိန်းက သူတို့အတွဲ အဆင်ပြေနေတယ်ဆိုတာကို အတည်ပြုခဲ့သလို မာယာကို သူ့ရဲ့သတို့သမီးလောင်းအဖြစ်လည်း ရည်ညွှန်းခဲ့ပါတယ်။ “ကျွန်တော်တို့ အတူတူရှိနေတုန်းပါပဲ။ အခုအချိန်မှာ အရမ်းရမ်း ပျော်ရွှင်ရပါတယ်။ သေချာပေါက် ကျွန်တော်တို့ အပျော်ဆုံးပဲ။”

Ref: Eonline “Liam Payne and Maya Henry Break Up Again Nearly One Year After Reconciliation”

Team ( ရိုးရာ‌လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top