အမေရိကန်မူလတန်းကျောင်း ပစ်ခတ်မှုမှာ ကလေး ၁၉ ယောက် သေဆုံး

25-5-2022-yyl-01.jpg

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းက မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၉ ယောက်နဲ့ အရွယ်ရောက်ပြီးသူ ၂ ယောက် သေဆုံးခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် သေနတ်သမားက ယူဗယ်ဒီမြို့မှာရှိတဲ့ ရော့မူလတန်းကျောင်း(Robb Elementary School)ထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ သံသယရှိသူဟာ ပစ္စတိုသေနတ်၊ AR-15 မောင်းပြန်သေနတ်၊ အချက်ရေအများအပြား ပစ်ခတ်နိုင်တဲ့ ကျည်ကတ်တွေ ကိုင်ဆောင်လာခဲ့ပြီး သံချပ်ကာဝတ်စုံလည်း ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။

မေလ ၁၄ ရက်က နယူးယော့ခ်ပြည်နယ်၊ ဘက်ဖလိုမြို့မှာရှိတဲ့ စူပါမားကတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တခြား ၁၈ နှစ်အရွယ် သေနတ်သမားကလည်း သံချပ်ကာဝတ်စုံ ဝတ်ဆင်ပြီး မောင်းပြန်သေနတ်ကိုင်ဆောင်လာခဲ့ဖူးပါတယ်။ မောင်းပြန်သေနတ်နဲ့ သံချပ်ကာဝတ်စုံဟာ အမေရိကန်နိုင်ငံမှာ ဝယ်ယူရရှိနိုင်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ရော့မူလတန်းကျောင်း ပစ်ခတ်မှုအစမှာ သေနတ်သမားက သူ့ရဲ့အဖွားကို ပစ်ခတ်ခဲ့ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ သေနတ်သမားဟာ အဲဒီဒေသတစ်ဝိုက်က အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ဖွယ်ရှိတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အီဗာမီရီလက်စ်လို့ အမည်ရတဲ့ မူလတန်းကျောင်း ဆရာမတစ်ယောက် သေဆုံးခဲ့ပါတယ်။ ရော့မူလတန်းကျောင်းဟာ အသက် ၇ နှစ်ကနေ ၁၀ နှစ်ကြားအရွယ်ရှိတဲ့ ဒုတိယတန်း၊ တတိယတန်းနဲ့ စတုတ္ထတန်း ကျောင်းသား/သူတွေ တက်ရောက်နေတဲ့ကျောင်း ဖြစ်ပြီး ကျောင်းသား/သူ ၅၀၀ နီးပါး ပညာသင်ကြားလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက် ဒေသစံတော်ချိန် ၁၁း၃၂ မိနစ်မှာ ပစ်ခတ်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် အမေရိက နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်က အခင်းဖြစ်ရာကို ပြေးလာခဲ့ပြီး သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

ယူဗယ်ဒီမြို့ဟာ မက္ကဆီကိုနယ်စပ်ကနေ မိုင် ၈၀ လောက်ပဲ ကွာဝေးပြီး နယ်စပ်ကင်းလှည့်တပ်ဖွဲ့ စခန်းရှိတဲ့မြို့ ဖြစ်ပါတယ်။ သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားချိန်မှာ နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ခံခဲ့ရပြီး တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ ခေါင်းကို ထိမှန်ခဲ့ပါတယ်။ သူတို့ ၂ ယောက်လုံး ဆေးရုံတက်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေ စိတ်ချရပြီလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့ ကလေး ၁၃ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ အစောပိုင်းက Uvalde Memorial ဆေးရုံရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးကတော့ ဆန်အန်တိုနီယိုမြို့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။
အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်နေရတာ စိတ်ကုန်နေပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောခဲ့ပြီး သေနတ်ထိန်းချုပ်မှုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူဗယ်ဒီမြို့ ပစ်ခတ်မှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အိမ်ဖြူတော်နဲ့ ပြည်ထောင်စုအစိုးရအဆောက်အအုံတွေမှာ အလံတစ်ဝက်ပဲ လွှင့်ထူဖို့ ဂျိုးဘိုင်ဒင်က ညွှန်ကြားခဲ့ပါတယ်။

ကျောင်းခရိုင်မှာရှိတဲ့ ကျောင်းသား/သူတွေဟာ ကြာသပတေးနေ့အထိ အတန်းတက်ရမှာဖြစ်ပေမဲ့ အခုပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ လက်ကျန်စာသင်နှစ်အတွက် အတန်းအားလုံးနဲ့ လှုပ်ရှားမှုအားလုံးကို ဖျက်သိမ်းလိုက်ပါပြီ။

Ref: BBC ” Texas shooting: 19 children among dead in primary school attack”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top