ထိုင်ဝမ်ကို လှုပ်ခတ်စေခဲ့တဲ့ စာရေးဆရာမ အဆုံးစီရင်မှု

POWERPNT_2017-05-19_18-38-39-1.png

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ”ဖန်စီချီရဲ့ပထမဆုံး ချစ်နိဗ္ဗာန်ဘုံ ” စာအုပ်က အချိန်တိုအတွင်းပဲ ထိုင်ဝမ်မှာ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်ခဲ့တယ်။ ဒီစာအုပ်ကို ရေးသားသူကတော့ စာရေးဆရာမ လင်းယီဟန်ပါ။ ” ၁၃ နှစ်အရွယ်မှာ ကျူရှင်ဆရာရဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ခံခဲ့ရတဲ့ မိန်းကလေးငယ်တစ်ဦးအကြောင်း” ရေးသားထားတဲ့ စာအုပ် ဖြစ်ပါတယ်။

လင်းယီဟန်ကို ၁၉၉၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တိုင်နန်မြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ဖခင်ကတော့ နာမည်ကျော် အရေပြားဆရာဝန်တစ်ဦးပါ။ လှပချောမောသလို ဉာဏ်ရည်ထက်မြက်တဲ့ လင်းယီဟန်ဟာ မိဘတိုင်း လိုချင်ကြမယ့် သမီးရတနာမျိုးပါပဲ။ တိုင်နန်မိန်းကလေးကျောင်းမှာ ပညာသင်ယူခဲ့တဲ့ လင်းယီဟန်ဟာ သူ့ဖခင်လို ဆရာဝန်တစ်ယောက် ဖြစ်ချင်သူပါ။

စာပေ ဝါသနာထုံပြီး တရုတ်ဂန္ထဝင် စာရေးဆရာတွေ၊ ဂေဘရီယယ်ဂါစီယာမားကွက်ဇ်၊ ပြင်သစ်စာရေးဆရာ မာဆယ်ပရုစ်နဲ့ သူ လက်လှမ်းမီသလောက် စာအုပ်ကောင်းတွေပဲ ရှာဖွေဖတ်ရှုလေ့ရှိသူပါ။ လင်းယီဟန်ဟာ တိုင်ပေဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့ပေမဲ့ ၁၄ ရက်အကြာမှာပဲ ကျောင်းထွက်ခဲ့ပါတယ်။ နောက်တော့ အမျိုးသား ချန်းချီတက္ကသိုလ်မှာ တရုတ်စာပေသင်ယူခဲ့ပြီး ၃ နှစ်အကြာမှာ ကျောင်းထွက်လိုက်ပါတယ်။

ဥစ္စာပေါ၊ ရုပ်ချော၊ မိဘအသိုင်းအဝိုင်းကောင်းတဲ့ မိန်းကလေးဟာ အပြင်ပန်းမှာ ပြီးပြည့်စုံတဲ့ဘဝမျိုး ပိုင်ဆိုင်ထားတယ်လို့ ထင်စရာရှိပေမဲ့ အသက် ၁၆ နှစ်ကတည်းက စိတ်ကျန်းမာရေးဆေးရုံကို မကြာခဏသွားနေရတာကိုတော့ သူ့မိဘတွေကလွဲပြီး အခြားသူတွေ မသိကြပါဘူး။ စိတ်ကျရောဂါ ခံစားနေရတဲ့ လင်းယီဟန်ဟာ စာအုပ်တွေ ရေးသားခဲ့ပေမဲ့ သူ့ရဲ့စိတ်အခြေအနေကို ရိပ်မိကြတဲ့ နာမည်ကျော် စာအုပ်တိုက်တွေကတော့ သူ့စာအုပ်တွေကို ထုတ်ဝေပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒီအတွက် လင်းယီဟန်က Guerrilla Publishing ဆိုတဲ့ စာအုပ်တိုက်ငယ်တစ်ခုကို ဆက်သွယ်ခဲ့ပြီး စာအုပ်ထုတ်ခွင့်ရဖို့ ကြိုးစားခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ” ဖန်စီချီရဲ့ပထမဆုံး ချစ်နိဗ္ဗာန်ဘုံ ”စာအုပ် ထွက်လာခဲ့ပါတယ်။ ဉာဏ်ကောင်းပြီး စာပေဝါသနာထုံတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ဖန်စီချီကို ကျူရှင်ဆရာ လီကွေ့ဟွာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီဖြစ်ရပ်ကို မေ့ဖျောက်နိုင်ဖို့ မိန်းကလေးငယ်က ” ဒါဟာ အချစ်နိဗ္ဗာန်တစ်ခုလို့ပဲ သူ့စိတ်သူ လှည့်စားပြီး ရှင်သန်ခဲ့ရတဲ့”အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

အချိန်တိုအတွင်း ဒီစာအုပ် ရေပန်းစားလာပြီးနောက်မှာ ရုပ်သံလိုင်းတွေနဲ့ မီဒီယာတွေက လင်းယီဟန်ကို အင်တာဗျူးတွေ လုပ်ကြတယ်။ စာအုပ်ထဲမှာ ရေးထားတာ ”သူ့ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်လား”လို့ မေးတဲ့အခါ သူက အဲဒီမေးခွန်းကို တိုက်ရိုက်မဖြေဘဲ စာပေဆိုင်ရာ နည်းလမ်းတွေ အကြောင်းကိုပဲ ပြောခဲ့ပါတယ်။ စာအုပ်ထွက်ရှိပြီး ၂လအကြာမှာတော့ လင်းယီဟန်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။

လင်းယီဟန်ရဲ့ ရုပ်အလောင်းကို ခင်ပွန်းဖြစ်သူက တွေ့ရှိခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။ လင်းယီဟန် ကွယ်လွန်သွားပြီးနောက်မှာတော့ သူ့မိဘတွေက Guerrilla Publishing က အံ့အားသင့်စရာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းအရာတွေဟာ သူတို့သမီးကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတယ်ဆိုတာပါပဲ။ ဒီဖြစ်ရပ်ကပဲ လင်းယီဟန်ကို စိတ်ကျန်းမာရေး ပြဿနာ ဖြစ်စေခဲ့တာပါ။

လင်းယီဟန် ဒီစာအုပ် ရေးခဲ့တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ” ကမ္ဘာပေါ်မှာ ဖန်းစီချီလို ကလေးငယ်တွေ နောက်ထပ် ထွက်ပေါ်မလာစေဖို့ပါပဲ”လို့ သူ့မိဘတွေက ထုတ်ပြောခဲ့ပါတယ်။ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်မှာတော့ ထိုင်ဝမ်မှာ နေသူတွေ နာကျည်းခံပြင်းခဲ့ကြပြီး #MeToo လှုပ်ရှားမှု အားကောင်းလာခဲ့ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကလည်း လင်းယီဟန်ရဲ့ ကျူရှင်ဆရာကို လိုက်လံရှာဖွေခဲ့ပြီး အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ချန်းကွေ့ရှင်းဆိုသူကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ချန်းကွေ့ရှင်းကတော့ လင်းယီဟန် ၁၈ နှစ်အရွယ်မှာ သူတို့ ၂ ယောက် ချစ်သူ ဖြစ်ခဲ့ကြပြီး အဲဒီအချိန်မှာ လင်းယီဟန်ကို သူ ကျူရှင်သင်ပေးနေတာ မဟုတ်တော့ဘူး၊ သူတို့ ချစ်သူသက်တမ်း ၂ လပဲ ကြာမြင့်ခဲ့ပြီး (ချန်းကွေ့ရှင်းမှာ အိမ်ထောင်ရှိနေတာ သိသွားလို့) မိဘတွေက သူတို့ကို ခွဲခဲ့ကြတာလို့ ရှေ့နေဖြစ်သူကတစ်ဆင့် ဖြေရှင်းခဲ့ပါတယ်။ ဒီလို ဖြေရှင်းချက်ထုတ်ပြီးနောက်ပိုင်းမှာ မီဒီယာတွေက ချန်းကွေ့ရှင်းကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

အစောပိုင်းနှစ်တွေမှာ လင်းယီဟန်က ချန်းကွေ့ရှင်းကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့အသက် ၁၈ နှစ် ရှိနေပြီဖြစ်ပြီး နှစ်ဦးသဘောတူ ချစ်ကြိုက်ခဲ့တယ်လို့ဆိုကာ ရဲစခန်းက တိုင်ချက်မဖွင့်ပေးခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသူတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် (အဲဒီအချိန်တုန်းက) ထိုင်ဝမ်ရဲ့ဥပဒေအရ အိမ်ထောင်ရေးဖောက်ပြန်မှုဥပဒေနဲ့တောင် လင်းယီဟန်ကို တရားစွဲနိုင်တယ်ဆိုတဲ့အခြေအနေမျိုး ဖြစ်ခဲ့တာပါ။

ထိုင်ဝမ်ဥပဒေက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသူတွေကို ကာကွယ်ပေးနိုင်ခြင်းမရှိဘူးဆိုတာ ဒီဖြစ်ရပ်က မီးမောင်းထိုးပြခဲ့သလို ကျူရှင်တွေ၊ သင်တန်းတွေအပေါ် စည်းမျဉ်းထုတ်ပြန်မှု အားနည်းနေတာကိုလည်း သတိထားမိစေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တိုင်နန်မြို့အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး မြို့အများအပြားမှ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ကျူရှင်ဆရာတွေအားလုံး သူတို့ရဲ့အမည်ရင်းနဲ့တကွ မှတ်ပုံတင်စာရင်းသွင်းရမယ်၊ ကျူရှင်ဆရာတွေက မဖွယ်မရာ အပြုအမူတွေလုပ်ရင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းပစ်နိုင်တဲ့ စည်းမျဉ်းကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်ဝမ်မြို့မှာလည်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တားဆီးကာကွယ်ရေး ဟော့လိုင်းဖုန်းနံပါတ်တွေ တပ်ဆင်ခဲ့ကြပါတယ်။

Ref: Lin Yi-han

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top