နှစ် ၅၀ ကျော်ကြာ လူထောင်ချီကို ကျေးဇူးတော်နေ့ ညစာ အခမဲ့ တည့်ခင်းကျွေးမွေးနေခဲ့တဲ့ အမျိုးသား

25-11-2021yyl12.jpg

နှစ်တိုင်း ကျေးဇူးတော်နေ့ရောက်ရင် အီလီနွိုင်းပြည်နယ်၊ မိုလိုင်းမြို့က “Mr.Thanksgiving’s” ရဲ့ညစာစားပွဲက ရပ်ကွက်အတွင်းက လူပေါင်းများစွာကို ကြိုဆိုနေပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင်ဟောင်း ဘော့ဘ် ဗိုဂယ်ဘောင်ချ် (Bob Vogelbaugh) ဆိုတဲ့ အမျိုးသားဟာ ကျေးဇူးတော်နေ့ဆိုရင် သူ့ရဲ့ရပ်ကွက်နေပြည်သူတွေကို ညစာနဲ့ ကောင်းကောင်းဧည့်ခံကျွေးမွေးခဲ့တာ နှစ် ၅၀ ကျော်ကြာခဲ့ပါပြီ။

ဘော့ဘ်က နှစ်တော်တော်ကြာ အဓိကဟင်းလျာဖြစ်တဲ့ ကြက်ဆင်သားကို ပြင်ဆင်ချက်ပြုတ်ခဲ့ပြီး သူ့ရဲ့မိခင်ကတော့ အရံဟင်းလျာတွေကို ပြင်ဆင်ခဲ့တာပါ။ နှစ်တိုင်း စေတနာ့ဝန်ထမ်းတွေရဲ့အကူအညီနဲ့ ဘော့ဘ်က ကျေးဇူးတော်နေ့ညစာကို အခမဲ့ တည့်ခင်းကျွေးမွေးလေ့ရှိပါတယ်။ ဒီလိုတည့်ခင်းကျွေးမွေးတာကို ပရဟိတအနေနဲ့ ကျွေးမွေးတဲ့ညစာမဟုတ်ဘဲ သိတဲ့သူတွေရော မသိတဲ့သူတွေရော နှစ်တိုင်း ဒီကျွေးမွေးမှုကနေတဆင့် မိတ်ဆွေတွေဖြစ်လာတဲ့ သူတွေအတွက်ပါ ကျေးဇူးတော်နေ့တွေ့ဆုံပွဲတစ်ခုသာဖြစ်တယ်လို့ ဘော့ဘ်က ဆိုပါတယ်။

ကျေးဇူးတော်နေ့မှာ ညစာစားဖို့ တစ်ယောက်တည်းဖြစ်နေတဲ့၊ အထီးကျန်နေတဲ့ သူတွေကို ဖိတ်ကြားပြီး အခမဲ့တည့်ခင်းကျွေးမွေးခဲ့တာဟာ ၁၉၇၀ ခုနှစ်က စတင်ခဲ့ပြီး ဘော့ဘ်အတွက် ဓလေ့တစ်ခုဖြစ်နေပါတယ်။ ဘော့ဘ်က အိမ်နီးနားချင်းတွေကို လာမယ့်အားလပ်ရက်မှာ ဘာတွေလုပ်ကြမှာလဲလို့ မေးရင် ဒီလိုပဲ တစ်ယောက်တည်းဖြစ်ဖို့များတယ်ဆိုတာပဲ ဖြေကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုနဲ့ ဘော့ဘ်က ဘာလို့ ဒီလိုဖြစ်ရတာလဲလို့ တွေးမိခဲ့ပါတယ်။ ကုန်စုံဆိုင်ရဲ့နောက်ထဲမှာ အခန်းတွေရှိပြီး မီးဖိုချောင်လည်းရှိတာကြောင့် ဘော့ဘ်က ကျေးဇူးတော်နေ့ညစာကို ပြင်ဆင်ရမယ်ဆိုတဲ့အတွေးမျိုးဝင်လာခဲ့တယ်လို့ ပြောပါတယ်။ အစပိုင်းမှာတော့ သူ့ရဲ့ကုန်စုံဆိုင်အတွင်းမှာပဲ စုဝေးပြီး ညစာကျွေးမွေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လူတွေများလာလို့ South Park Mall မှာ ကျွေးမွေးဖြစ်ခဲ့ပါတယ်။ ကျေးဇူးတော်နေ့ညစာစားပွဲမှာ အဆို၊ အက၊ ဒီဂျေတွေလည်းရှိတဲ့အတွက် ကျေးဇူးတော်နေ့ပါတီဖြစ်ခဲ့တယ်လို့ ဘော့ဘ်က ဆိုပါတယ်။

ကပ်ရောဂါကာလအတွင်းမှာတော့ ကျေးဇူးတော်နေ့ညစာကျွေးမွေးတဲ့ အစဉ်အလာမပြတ်ဖို့အတွက် ထိုင်စားခိုင်းတာတွေမလုပ်တော့ဘဲ ညစာကို လာယူစေခဲ့ပါတယ်။ ဘော့်ဘ်နဲ့ သူ့ရဲ့စေတနာ့ဝန်ထမ်းတွေက အပြင်ဘက်စားပွဲပေါ်မှာ အစားအသောက်တွေကို တင်ထားပေးခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက အဲဒီနေရာကို လာယူခဲ့ကြပါတယ်။ အခုနှစ်မှာတော့ လူပေါင်း ၃၂၀၀ ကျော်ကို ကြက်ဆင် ပေါင် (၂၅၀၀) နဲ့ ရွှေဖရုံသီးပိုင်မုန့် (အခု ၃၅၀၀) ကို တည့်ခင်းကျွေးမွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“လူတွေ လာရောက်စားသောက်နိုင်ဖို့အတွက် အစားအသောက်အခမဲ့ကျွေးမွေးတဲ့သူတွေ ပိုပြီးရှိစေချင်တယ်။ လူတွေက အရမ်းပျော်ပြီး ကျေးဇူးတင်နေကြတာပါ”လို့ ဘော့ဘ်က ပြောပါတယ်။

Ref: ABCNews “Former grocery store owner has fed thousands with free Thanksgiving dinner for 51 years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top