မြန်မာပရိသတ်တွေ ဂူဂူးလို့ပဲ ချစ်စနိုးခေါ်ဝေါ်နေကြတဲ့ မင်းသမီးချော လျိုယိဖေးဟာ မတ်လ ၁၀ ရက်နေ့က ပါရီမြို့၊ Cour Carrée du Louvre မှာ ကျင်းပခဲ့တဲ့ Louis Vuitton ကုန်အမှတ်တံဆိပ်ရဲ့ Fall/Winter 2026 show ကို တက်ရောက်ခဲ့ပါတယ်။ Louis Vuitton ရဲ့ကမ္ဘာလုံးဆိုင်ရာသံတမန်တစ်ဦးအနေနဲ့ ယိဖေးက ပွဲမှာ လူပြောအများဆုံးနာမည်ကြီးတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။
ဖက်ရှင်နယ်ပယ်က Lefty နဲ့ Launchmetrics ပလက်ဖောင်းတွေဆီက ဒေတာခွဲခြမ်းစိတ်ဖြာမှုအရ ယိဖေး တက်ရောက်မှုက Louis Vuitton အတွက် ၄၈ နာရီအတွင်း မီဒီယာသက်ရောက်မှုတန်ဖိုးမှာ ဒေါ်လာ ၈ သန်းကျော် ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။ ဒါက ဇိမ်ခံဖက်ရှင်ဈေးကွက် (အထူးသဖြင့် အာရှပရိသတ်တွေကြားမှာ) ယိဖေး ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

Fashion Show မှာ ယိဖေးက သူ့ရဲ့ပုံမှန်ကြော့ရှင်းပြီး နူးညံ့သိမ်မွေ့တဲ့ပုံရိပ်နဲ့ ယှဉ်ရင် ကွဲထွက်တဲ့ပုံစံမျိုးနဲ့ တက်ရောက်ခဲ့တာပါ။ ယိဖေးက ကမ္ဘာ့တစ်ဝှမ်းရှိ ဖက်ရှင်ကြိုက်နှစ်သက်သူတွေနဲ့ နိုင်ငံတကာမီဒီယာတွေရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ပွဲပြီးတာနဲ့ ချက်ချင်းပဲ ယိဖေးကို လူမှုကွန်ယက်မှာ ရှာဖွေမှုတွေမြင့်တက်လာခဲ့ပါတယ်။ ပွဲမှာ ယိဖေးဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနဲ့ Odyssée Monogram အိတ်နဲ့ ဆက်စပ်တဲ့ စကားလုံးတွေဟာ လူမှုကွန်ယက်ပေါ်မှာ trend ဖြစ်လာခဲ့ပါတယ်။ သူနဲ့ဆက်စပ်တဲ့ ပစ္စည်းတော်တော်များများလည်း မြန်မြန်ဆန်ဆန်ပဲ ရောင်းထွက်ခဲ့ပါတယ်။
Ref: Liu Yifei Generates $8 Million in Media Value Within 48 Hours at Paris Fashion Week
WL (ရိုးရာလေး)

