(၂၆) နှစ်လုံးလုံး တစ်ရက်မှ အတန်းမပျက်ခဲ့ဖူးတဲ့ ဆရာမ

yyl-019-1.jpg

လူတစ်ယောက်က တစ်ရက်မှ အလုပ်မပျက်ဘဲ၊ အတန်းမပျက်ဘဲနေဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ တက္ကဆပ်ပြည်နယ်က အသက် (၈၅) နှစ်အရွယ် ရှာရွန် ဘရက်တလေ ( Sharon Bradley) ဆိုတဲ့ ဆရာမကတော့ တကယ့်ကို လေးစားစရာကောင်းပါတယ်။ သူဟာ တစ်ရက်မှ စာသင်ချိန်မပျက်ကွက်ခဲ့ဖူးလို့ ဆိုပါတယ်။ သူက ဘယ်လောက်တောင် အတန်းမပျက်ခဲ့လဲဆိုရင် လက်ကျိုးနေတာတောင် ကျောင်းကို လာခဲ့ပြီး စာသင်ပေးတုန်းပါပဲ။

ရှာရွန်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချော်လဲပြီး လက်ကျိုးသွားခဲ့ပါတယ်။ သူက လက်ကျိုးခဲ့ပေမဲ့လည်း နောက်တစ်နေ့ ကျောင်းကိုလာခဲ့ပါတယ်။ “ကျွန်မ အရိုးကျိုးနေတဲ့အတွက် အတန်းပျက်မှာမဟုတ်ဘူး” လို့ ရှာရွန်က ပြောပါတယ်။ရှာရွန်က ဒါးလတ်စ်မြို့အပြင်ဘက်က Naaman Forest High School မှာ ကျန်းမာရေးသိပ္ပံဘာသာရပ်ကို သင်ကြားပေးပြီး သူ စာသင်လာတဲ့ (၂၆) နှစ်လုံးလုံး တစ်ရက်ကလေးမှ အတန်းမပျက်ကွက်ခဲ့ဖူးပါဘူး။

သူ့အိမ်ကို လေဆင်နှာမောင်းက ဖျက်စီးပစ်ခဲ့တဲ့အချိန်၊ သူ့ရဲ့ချစ်လှစွာသောခင်ပွန်း သေဆုံးသွားခဲ့တဲ့အချိန်တွေမှာတောင် အတန်းမပျက်ခဲ့ဘူးလို့ သိရပါတယ်။ သူက ကလေးတွေအတွက် စာသင်ပေးဖို့ တာဝန်ရှိတယ်လို့ ခံစားမိနေရတာကြောင့်ပါပဲ။ အဲဒီလိုအတန်းချိန်မှန်ခဲ့တဲ့အတွက် ရှာရွန်ရဲ့ အသက် (၈၅) နှစ်ပြည့်မွေးနေ့မှာ ကျောင်းက သူ့ကို ပါတီပွဲလေးနဲ့ ဂုဏ်ပြုပေးခဲ့ပါတယ်။

“မင်း ကျန်းမာတယ်၊ အဆင်ပြေတယ်လို့ အကောင်းဘက်ကတွေးလေလေ၊ ဘဝကြီးမှာ ပျော်စရာတွေများလေလေလို့ ကျွန်မထင်တယ်” လို့ ရှာရွန်က ပြောပါတယ်။ ရှာရွန်က စာသင်ခန်းထဲမှာ ရှိနေရရင်ကိုပဲ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ သူက လာမဲ့နွေရာသီမှာ အလုပ်ကနေ အနားယူဖို့ စဉ်းစားထားပါတယ်။

  ဗီဒီယိုကြည့်ရှုရန်

Ref: CBSNews “85-year-old teacher hasn’t missed a day of class in 26 years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top