တယ်လီနောလူငယ်ဖိုရမ်ပြိုင်ပွဲတွင် မြန်မာ့ဆန်စပါးကဏ္ဍအကျိုးပြုမိုဘိုင်းဝန်ဆောင်မှုသစ်ကိုဖန်တီးခဲ့သည့် လူငယ်အဖွဲ့ကအနိုင်ရရှိ

Photo-1_AgriMatch.jpg

တယ်လီနောလူငယ်ဖိုရမ်ပြိုင်ပွဲဝင် ‘AgriMatch’ အဖွဲ့သည် စိုက်ပျိုးရေးကဏ္ဍအတွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းစဉ် (supply chain) သာတူညီမျှရှိစေရန်နှင့် ကြွေးမြီပြဿနာများ၊ ဆင်းရဲမွဲတေမှုများနှင့် ရင်ဆိုင်နေရသည့် တောင်သူများအတွက် အကူအညီဖြစ်စေမည့် မိုဘိုင်းဝန်ဆောင်မှု အားရည်ရွယ်ဒီဇိုင်းရေးဆွဲကာ ခြောက်လကြာစမ်းသပ်ပြင်ဆင်ပြီးသည့်နောက် (၆) ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်တွင် အနိုင်ရရှိခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ နိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်သည် အဓိကဝင်ငွေအတွက် စိုက်ပျိုးရေးကဏ္ဍအားမှီခိုနေရသည့် မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံချက်တစ်ခုကို AgriMatch က လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်းသိရသည်။

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံရှိ Network Activities Group (NAG)နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများနှင့် ပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တစ်ခု ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေမည့် Good Agricultural Practices (GAP) စနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၀) နှင့်အညီ ဤ မိုဘိုင်းအက်ပလီကေးရှင်းသည် အာရှတိုက်ရှိ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းစဉ်အတွင်း ကွာဟချက်များအား လျှော့ချနိုင်ရန် ကူညီပေးမည် ဖြစ်သည်။

တယ်လီနောလူငယ်ဖိုရမ် ၂၀၁၈/၂၀၁၉ ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲအား ဘန်ကောက်မြို့တွင် မေလ (၂၈) ရက်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း (၈) နိုင်ငံမှ လူငယ်ခေါင်းဆောင် (၁၆) ယောက်က ၎င်းတို့၏ အဖွဲ့အလိုက် လုပ်ဆောင်ခဲ့သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှု (၄) မျိုးကို တယ်လီနောလုပ်ငန်းစု၊ Plan International၊ ယူနီဆက်နှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာတို့မှ ကျွမ်းကျင်ပညာရှင်များ၏ ရှေ့မှောက်တွင် တင်ဆက်ပြသခဲ့ သည်။ ‘AgriMatch’ အဖွဲ့အတွက် ရွေးချယ်ပေးထားသည့်စိန်ခေါ်မှုမှာ စားနပ်ရိက္ခာထုတ်လုပ်ရာတွင် ရေရှည်တည်တံ့မှု ပိုမိုရရှိလာစေရန်နှင့် ထိုမှတဆင့် ကမ္ဘာတဝန်း ကျန်းမာရေးကဏ္ဍအတွင်း မညီမျှမှုများလျော့နည်းလာစေရန် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖြေရှင်းချက်တစ်ခုအား ဒီဇိုင်းရေးဆွဲပေးရန် ဖြစ်သည်။ ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်အား အနိုင်ရရှိခဲ့သည့်အတွက် ‘AgriMatch’ သည် အမေရိကန်ဒေါ်လာ (၁၅,၀၀၀) (နော်ဝေနိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်း) ရရှိမည်ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုအား ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် အသုံးပြုရမည်ဖြစ်သည်။

ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်အား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ရန် လျှောက်ထားသူပေါင်း ၂၀၀ ကျော် အနက်မှ သီဟဇော်နှင့် နန်းယဉ်ယဉ် ဝင်းနွယ်တို့အား ရွေးချယ်စေလွှတ်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သော နန်းယဉ်ယဉ်ဝင်းနွယ်သည် ဘင်္ဂလားဒေ့ရှ်၊ ဆွီဒင်နှင့် ပါကစ္စတန်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် နည်းလမ်းများရှာဖွေရာတွင် ပါဝင်ခဲ့သည်။ ၎င်းတို့၏ အဖွဲ့သည် ဝင်ငွေနည်းပါးသော သို့မဟုတ် ကျေးလက် ဒေသများရှိ အိမ်ထောင်စုများအတွက် ရိုးရှင်းသောလုပ်ဆောင်ချက်များပါဝင်သည့် လက်ကိုင်ဖုန်းများမှတစ်ဆင့် မသန့်ရှင်းသောသောက်သုံးရေဆိုင်ရာပြဿနာများအား အကြောင်းကြားနိုင်မည့်နည်းလမ်းအား တင်ပြခဲ့သည်။ ထို့နောက်တွင် ဝင်ငွေမြင့်မားသော စမတ်ဖုန်းအသုံးပြုသူများသည် သန့်ရှင်းသောသောက်သုံးရေမရရှိသည့် အိမ်ထောင်စုများထံသို့ အက်ပလီကေးရှင်းမှတစ်ဆင့်ဆက်သွယ်၍ လှူဒါန်းမှုများ ပြုလုပ်သွားနိုင်မည်ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သောကူညီစောင့်ရှောက်မှုပေးအပ်နိုင်မည့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်များနှင့်လည်း ချိတ်ဆက်ပေးသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်နောက်တစ်ဦးဖြစ်သည့် သီဟဇော်သည်လည်း ဒိန်းမတ်၊ နော်ဝေနှင့် ထိုင်းနိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ်များနှင့် လက်တွဲ၍ ကမ္ဘာတစ်ဝန်းရှိ တိုးပွားလာသော သက်ကြီးလူဦးရေအား ကူညီထောက်ပံ့ပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား ရှာဖွေသွားမည် ဖြစ်သည်။ အဆိုပါ သက်ကြီးပြည်သူတို့၏ ဘဝတစ်လျှောက်လုံးမှကျွမ်းကျင်မှုများ၊ အတွေ့အကြုံများအား အသုံးပြု၍ ငွေကြေးရှာဖွေနိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုအား သီဟဇော်တို့အဖွဲ့က တင်ပြခဲ့သည်။ အဆိုပါ ပလက်ဖောင်းမှတဆင့် သက်ကြီးရွယ်အိုလူဦးရေအား ၎င်းတို့နေထိုင်ရာလူ့အဖွဲ့အစည်းများနှင့် တစ်သားတည်းဖြစ်စေရန် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် အသိပညာတို့အား ဘဏ္ဍာရေးဆိုင်ရာအကျိုးအမြတ်ရှာဖွေရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

၂၀၁၇-၁၈ ခုနှစ် တယ်လီနောလူငယ်ဖိုရမ်တွင်လည်း မြန်မာနိုင်ငံမှ နန်းကံ့ကော်ယွက်ဆိုင်ပါဝင်သည့် AGNCY အမည်ရ အဖွဲ့က လုပ်သားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍တင်ပြနိုင်မည့် လူထုအခြေပြုပရောဂျက်ဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဖိနှိပ်ခံလုပ်သားများ ခံစားနေရသည့် မညီမျှမှုများအားလျှော့ချရာတွင် အထောက်အပံ့ဖြစ်စေမည့် အဆိုပါစီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၁၅,၀၀၀) အား ရရှိခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top