မပြန်ချင်လောက်အောင် စွဲဆောင်နိုင်တဲ့ ပြင်ဦးလွင်မှ သစ်ခွဥယျာဉ်

pyi.jpg

ပြင်ဦးလွင်မြို့ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်သို့ရောက်ခိုက် သစ်ခွနှင့် လိပ်ပြာပြတိုက်သို့ သွားရောက်ဖြစ်ခဲ့ပါတယ်။

ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၀ပေတွင် ရှိပြီး ရာသီဥတုမှာ သမမျှတသဖြင့် ပြည်တွင်း၊ ပြည်ပ သစ်ခွမျိုးများ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ၂၀၀၆ခုမှစပြီး သစ်တောရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် သစ်ခွခြံကို ထည့်သွင်းစိုက်ပျိုးခဲ့ကြပါတယ်။ ယခုအခါ မြန်မာ့သစ်ခွမျိုးစိတ် ၃၀၀ကျော် နှင့် ပြည်ပသစ်ခွများဖြစ်သည့် Cymbidium, Cattleya, Phalaenopsis, Dendrobium နှင့် Oncidium သစ်ခွများကို စိုက်ပျိုးပြသထားပါတယ်။

ကမ္ဘာပေါ်တွင် သစ်ခွမျိုးစုပေါင်း ၇၂၅စုရှိပြီး မျိုးစိတ်ပေါင်း ၂၀၀၀ဝခန့်ရှိသည်ဟု ခန့်မှန်းထားကြပါတယ်။ အချို့က သစ်ခွမျိုးစိတ်ပေါင်း ၁၇၅၀ဝခန့် ရှိသည်ဆိုထားပြီး အချို့က သစ်ခွမျိုးစိတ်ပေါင်း ၃၅၀၀ဝခန့်ရှိသည်ဟု ဆိုထားကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ သစ်ခွမျိုးစိတ်အသစ်များကို သစ်ခွပညာရှင်များမှ နှစ်စဉ်ရှာဖွေတွေ့ရှိနေဆဲဖြစ်ပါတယ်။ မြန်မာ့သစ်တောဦးစီးဌာနမှ မှတ်တမ်းအရ မြန်မာနိုင်ငံတွင် သစ်ခွမျိုးစိတ် ၈၄၁မျိုးစိတ် ရှိသည်ဟု ဖော်ပြထားပါတယ်။ သစ်ခွများကို ရေအမြဲခဲနေသော ဝင်ရိုးစွန်းဒေသများနှင့် အလွန်ပူပြင်းသော သဲကန္တာရများမှအပ ကမ္ဘာနေရာအနှံ့တွင် တွေ့ရှိရပြီး အပူပိုင်းအီကွေတာသစ်တောကြီးများတွင် အများဆုံးတွေ့ရှိရပါတယ်။ သစ်ခွမျိုးစိတ်စုစုပေါင်း၏ လေးပုံတစ်ပုံမှာ မြေပေါက်သစ်ခွများဖြစ်ပြီး လေးပုံသုံးပုံမှာ သစ်ကပ်ပင်၊ ကျောက်ကပ်ပင်နှင့် တစ်ဝက်ကပ်ပါးပင်တို့ ဖြစ်ပါတယ်။

ပြည်ဦးလွင်သစ်ခွဥယျာဉ် တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ – အများပြည်သူများ ပြည်တွင်း ပြည်ပ သစ်ခွများကို လေ့လာကြည့်ရှုနိုင်ရန်၊ ပြည်တွင်း ပြည်ပ သစ်ခွပညာရှင်များ သုတေသနပြုနိုင်ရန်၊ မြန်မာ့သစ်ခွမျိုးရင်းများကို စုဆောင်းထိန်းသိမ်းပြသပြီး ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်ရန် နှင့် သစ်ခွပင်များကို မျိုးပွားပြီး သစ်ခွစိုကိပျိုးသူတို့ကို မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရန်တို့ဖြစ်ပါတယ်။

လိပ်ပြာပြတိုက်တွင် ပြည်တွင်းပြည်ပ လိပ်ပြာများ နှင့် အင်းဆက်များကို ပြသထားပြီး ဓာတ်ပုံမှတ်တမ်းယူခွင့် တားမြစ်ထားပါတယ်။ ကင်မရာမှထွက်လာမည့် အလင်းများက ရှားပါး လိပ်ပြာလေးများ၏အရောင်ကို မှေးမှိန်သွားစေနိုင်သဖြင့် ယခုကဲ့သို့တားမြစ်ထားရခြင်းဖြစ်ကြောင်း သိရပါတယ်။ သစ်ခွခြံမှာတင် ၂နာရီလောက် ကုန်သွားပါသဖြင့် ယခုတော့ ခရီးသွားကားဆီသို့ အမြန်ပြေးရပါတော့မည်။ စာဖတ်သူတို့ သွားရောက်လေ့လာလိုလျင် တိုးကားများဖြင့် သွားမည့်အစား သီးသန့်အစီအစဉ်ဆွဲပြီး သွားရောက်လေ့လာမှ အမျိုးသားကန်တော်ကြီးဥယျာဉ်တစ်ခုလုံး စုံစုံလင်လင် လေ့လာနိုင်ပေလိမ့်မည့်အကြောင်း မျှဝေလိုက်ပါတယ်။

Ref: အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) – သစ်ခွဥယျာဉ် ပန်းဖလက်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top