ဦးသိန်းစိန်လက်ထက်မှာ ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ ၁၄ ဦး ပြန်လည်ဝင်ရောက် ယှဥ်ပြိုင်မယ်လို့ ပြည်ခိုင်ဖြိုးပြော

18-8-2020-yyl-010.jpg

ရန်ကုန် ဩဂုတ် ၁၈

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦးဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အဲဒီထဲမှာ သမ္မတ( ဟောင်း) ဦးသိန်းစိန်လက်ထက်က ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့သူ ၁၄ ဦးလည်း ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တဲ့အပြင် တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့သူ ၈၈ ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

”ဒီတပ်မတော်သား(အငြိမ်းစား) ၈၈ ဦးဆိုတာက အခုမှ တပ်မတော်ကနေ အငြိမ်းစားယူပြီး ဝင်ရောက် ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ အရင်ကတည်းက၊ ၂၀၁၀၊ ၂၀၁၅ ကတည်းက အငြိမ်းစားယူထားတဲ့သူတွေဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အခုလို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ ကိုယ်စားလှယ်ဟောင်း ၄၉၅ ဦး၊ ကိုယ်စားလှယ်အသစ် ၆၃၄ ဦးပါဝင်ပြီးတော့ အဲဒီထဲမှာ လူငယ်၊ လူလတ်ပိုင်း ၇၀ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသမီး ၁၁၁ ဦး ပါဝင်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ ပါတီဝင်ဖြစ်ဖို့၊ ပါတီရဲ့မူဝါဒကို ယုံကြည်လေးစားသူဖြစ်ဖို့၊ ဒေသခံဖြစ်ဖို့၊ ဒေသခံပါတီတွေကနေ အဆင့်ဆင့်ရွေးချယ်ထားသူဖြစ်ဖို့၊ သက်ဆိုင်ရာဒေသခံပြည်သူတွေက သဘောကျနှစ်သက်တဲ့သူဖြစ်ဖို့ဆိုတဲ့အချက်တွေနဲ့ ရွေးချယ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top