တောထဲမှာ တောင်ခြင်္သေ့နဲ့ တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရသူ

20-11-2020-yyl-028.jpg

ငယ်ရွယ်တဲ့အမဲလိုက်သမားကောင်မလေးဟာ တောင်ခြင်္သေ့တစ်ကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ တောင်ခြင်္သေ့နဲ့ တစ်ယောက်တည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ အာဂကောင်မလေးက ကြောက်ရွံ့နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တိရစ္ဆာန်ကို သေနတ်နဲ့ ပစ်ကိုပစ်ရမယ်လို့ ဆိုပါတယ်။

အမဲလိုက်ကောင်မလေးရဲ့မှတ်တမ်းဗီဒီယိုထဲမှာ ကူဂါဆိုတဲ့ တောင်ခြင်္သေ့ကို အော်ဟစ်ကာ မောင်းထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ တောင်ခြင်္သေ့က ထွက်မသွားတဲ့အတွက် ခြင်္သေ့ကို ပစ်ဖို့အတွက် သေနတ်ကို ဆွဲထုတ်ခဲ့ရပါတယ်။ မက်ကန်ဇီ (McKenzie) လို့ သိရတဲ့ အဲဒီကောင်မလေးက အခုလအစောပိုင်းမှာ ကူဂါတောင်ခြင်္သေ့ကို တွေ့တဲ့အချိန် Gunnison ကောင်တီမှာ တစ်ယောက်တည်း အမဲလိုက်ထွက်နေခဲ့တာဖြစ်ပါတယ်။

“Gunnison ရဲ့တောင်တန်းတွေမှာ တစ်ယောက်တည်း အမဲလိုက်ထွက်နေခဲ့တာ။ အဲဒီအချိန်မှာ ကျွန်မရဲ့ရှေ့ဘက်ခြမ်းမှာ ရပ်နေတဲ့ ကူဂါတောင်ခြင်္သေ့ကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးခဲ့ပါတယ်။ ခြင်္သေ့ကို အဝေးကို မောင်းထုတ်ပစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အစက ခြင်္သေ့က ဘာမှမတုံ့ပြန်ခဲ့ပေမဲ့ နောက်တော့ ညာဖက်ခြမ်းကို ပြေးသွားခဲ့တယ်။ ကျွန်မဆီ လာတော့မယ့်အချိန်မှာ ကျွန်မရဲ့ဖုန်းကို ချပစ်ခဲ့ပြီး ခြေလှမ်းနည်းနည်း နောက်ကိုဆုတ်ကာ ခြင်္သေ့ကို သေနတ်နဲ့ပစ်ဖို့ အဆင်သင့်ပစ်ခဲ့တယ်” လို့ သူက ရှင်းပြပြောဆိုခဲ့ပါတယ်။

“ကျွန်မဆီ ရောက်မလာသေးဘဲ ကူဂါက ရပ်သွားခဲ့တယ်။ ကျွန်မလည်း ဆက်ပြီး ခြောက်လှန့်မောင်းထုတ်နေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ခုန်အုပ်တော့မယ့်အထိ ပိုပြီးကြောက်လန့်စရာကောင်းလာပါတယ်။ ဒါကြောင့် ကျွန်မ ကူဂါတောင်ခြင်္သေ့ကို သေနတ်နဲ့ပစ်ခဲ့တော့ ခြင်္သေ့လည်း ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနောက် ကျွန်မလည်း ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောပြဖို့အတွက် ကျွန်မ့အဖေကို သွားရှာခဲ့ပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မက်ကန်ဇီက အဲဒီအချိန်တုန်းကတော့ သူ့ကို ခြင်္သေ့က ခုန်အုပ်ပစ်မှာကြောက်တဲ့အတွက် ခြင်္သေ့ကို သေနတ်နဲ့ပစ်မှကိုရမယ်။ လက်တွေကလည်း အရမ်း တုန်ခါနေတယ်။ ခြင်္သေ့ကို သေနတ်နဲ့ပစ်လိုက်ပေမဲ့ သေသွားလားမသေဘူးလားဆိုတာတော့ မသိရကြောင်းနဲ့ ဒီအဖြစ်အပျက်က သူ့ဘဝမှာ မိုက်ရူးရဲအဆန်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံးအချိန်ပဲလို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ပြောခဲ့တာကတော့ အဲဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ ကူဂါတောင်ခြင်္သေ့က သေဆုံးသွားခဲ့တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ မက်ကန်ဇီက တောင်ခြင်္သေ့သေဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သူက တောင်ခြင်္သေ့ကို အသက်ရှင်စေချင်ခဲ့တဲ့အတွက်ကြောင့် သေနတ်နဲ့မပစ်သေးဘဲ ခြောက်လှန့်မောင်းထုတ်ခဲ့တာဖြစ်တယ်။ အနီးကပ်မြင်တွေ့ခဲ့ရတဲ့ အလှဆုံးတောရိုင်းတိရစ္ဆာန် သေဆုံးသွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိခဲ့ပေမဲ့ ဒီဘေးအန္တရာယ်ကနေ သူ ကျော်လွှားနိုင်ခဲ့တဲ့အတွက်တော့ ကံကောင်းသွားခဲ့တာပါပဲ။

Ref: Ladbible “Lone Hunter Shoots After Coming Face-To-Face With Mountain Lion”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top