အချစ်ကြီးပြီး အမျက်ကြီးခဲ့လို့ ထောင်နန်းစံရကိန်းစိုက်နေတဲ့ အမျိုးသမီး

26-1-2021-yyl-17.jpg

စင်္ကာပူနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ရည်းစားဟောင်းဖြစ်သူကို တရားမဝင်လက်နက်တင်သွင်းနေတယ်ဆိုပြီး ရဲစခန်းကို လိမ်ညာသတင်းပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ချစ်ကြိုက်နေစဉ်အတွင်း သူ့ရဲ့ရည်စားဖြစ်သူဟာ တစ်ခြား အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ထိုင်းနိုင်ငံမှာ သွားရောက်ပျော်ပါးခဲ့တယ်လို့ သံသယဝင်ခဲ့တာကြောင့် ရဲစခန်းကို ဒီလိုမျိုး လိမ်ညာသတင်းပေးခဲ့တာပါ။

အဆိုပါ အမျိုးသမီး ဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး Velda Lim Ming လို့ အမည်ရပါတယ်။ သူမဟာ အတိုင်ခံရသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားနဲ့ ၂၀၁၈ မတ်လ မှ ၂၀၁၉ မေလ အထိ ချစ်ကြိုက်ခဲ့ကြပါတယ်။ ချစ်သူကောင်လေးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခရီးထွက်ခဲ့တာမှန်ပေမယ့် သူမစွပ်စွဲသလို တစ်ခြားချစ်သူအသစ်နဲ့ ခရီးသွားခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီအကြောင်းကို သူ့ရဲ့ သဝန်တိုတက်တဲ့ ချစ်သူကို သေချာရှင်းပြခဲ့ပေမယ့် ကောင်မလေး က မယုံကြည်ခဲ့ပါဘူး။ အဲ့ကိစ္စကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာလည်း ပြတ်စဲသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာ လွယ်လွယ်နဲ့ခွင့်မလွှတ်နိုင်တဲ့ ကောင်မလေး က ရည်းစားဟောင်းကို လက်နက်မှောင်ခိုလုပ်နေပါတယ်ဆိုပြီး ရဲတပ်ဖွဲ့ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဝင်ရောက်ရေးသားပါတော့တယ်။ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့ အီးမေးလ် အကောင့်အသစ်ဖွင့်ပြီး အခုလို လုပ်ကြံရေးသားခဲ့တာပါ။

“ သူ့မှာ သေနတ်ရှိတယ်ဆိုပြီး လာပြောထားတဲ့ သက်သေခံ မက်ဆေ့ချ်တွေ ငါ့မှာရှိပါတယ်။ တစ်ခြား သူ့ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီး လက်နက်တွေကို မှောင်ခိုတင်သွင်းပြီး အရောင်းအဝယ်လုပ်နေတာကိုလည်း ငါသိထားတယ်။ သူတို့ဟာ လူမှုပတ်ဝန်းကျင်အတွက် အန္တရာယ်ကောင်တွေပါ။ နောက်ပြီး သူ့ရဲ့ တစ်ခြား ဝရမ်းပြေးသူငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ စင်္ကာပူနဲ့ မလေးရှား တို့မှာ တရားမဝင်လုပ်ငန်းတွေလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ငါသိထားတယ်။ ဒီလိုမျိုး လူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပေးဖို့လုပ်နေတဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်အောင် ရှာဖွေဖမ်းဆီးပေးကြပါ “ လို့ ရေးထားတဲ့စာနဲ့အတူ ရည်းစားဟောင်းရဲ့ အိမ်လိပ်စာကိုပါ ပေးခဲ့ပါတယ်။

စင်္ကာပူရဲတပ်ဖွဲ့က အဲ့ဒီစာကို တွေ့တွေ့ချင်း အဆိုပါ အမျိုးသားရဲ့ အိမ်ကို ၂၀၁၉ မေလ ၃၁ ရက်နေ့က ဝင်ရောက်စီးနင်းကာ ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် စာထဲမှာ ရေးထားသလို ဘာလက်နက်မှမတွေ့ခဲ့ကြသလို သံသယဖြစ်စရာအချက်တွေလည်း မတွေ့ရှိခဲ့ကြပါဘူး။ ဒါကြောင့် စင်္ကာပူ ရဲတပ်ဖွဲ့က သတင်းအမှားပေးတဲ့သူကို စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ Velda Lim Ming ဆိုတဲ့ အမျိုးသမီးက ဒီစာကို ရေးသားခဲ့တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Lim ဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အဖြစ်အပျက်အားလုံးကို ပြောပြခဲ့ပြီး သူ့ရည်းစားဟောင်းကို သင်ခန်းစာပေးချင်လို့ ဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ့ကို သတင်းမှားပေးမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။ လာမယ့် မတ်လ မှာ သူ့ရဲ့ အမှုကို တရားရုံးမှာ စတင်စစ်ဆေးသွားမယ်လို့သိရပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ စင်္ကာပူ ဒေါ်လာ ၅၀၀၀ အထိ ချမှတ်ခံရဖို့ရှိနေပြီး ကံဆိုးပါက ပြစ်ဒဏ် ၂ ရပ်လုံးကျခံသွားရဖို့ရှိနေပါတယ်။

Ref: CNA: Woman admits lying to police that boyfriend imported weapons as she suspected he was cheating on her

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top