မုဒိမ်းကောင်ဟာ စာသင်ခန်းထဲ ရောက်လာပြီးတဲ့နောက်

girl-with-split-personality-disorder-PWJ4D9N.jpg

(၁)
မြန်မာနိုင်ငံထဲက မြန်မာလူ့အဖွဲ့အစည်းထဲမှာ ဖြစ်ခဲ့တာတွေချည်းပါပဲ။
မွေးကင်းစကလေးငယ်ကို နောက်ဖေးလမ်းကြား အမှိုက်ပုံထဲမှာ ကျီးထိုးထိုး ခွေးစားစား စွန့်ပစ်သွားတယ်..တဲ့။
အသက် ၃၆ နှစ်အရွယ် ကျောင်းဆရာက ဆယ်ကျော်သက်အရွယ် ရှစ်တန်းကျောင်းသူနှစ်ဦးကို အနိုင်ကျင့်စော်ကား သားမယားပြုကျင့်ခဲ့တယ်….တဲ့။
၂ နှစ်နဲ့ ၄ လအရွယ် ကလေးသူငယ်ကို အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ တဏှာလွန် သက်ကျားအိုကြီးက မုဒိမ်းကျင့်ဖို့ ကြံစည်ခဲ့တယ်…တဲ့။
အွန်လိုင်းနဲ့ သတင်းမီဒီယာတွေမှာ မကြားဝံ့ မနာသာ မဖွယ်မရာ သတင်းတွေကြားရတဲ့အခါတိုင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ အကြိမ်ကြိမ်အခါခါ မျက်နှာပူခဲ့ရပါတယ်။ ကိုယ်ကျင့်တရားဆိုင်ရာ စောင့်စည်းထိန်းသိမ်းမှုတွေ ပျက်ယွင်းလာနေပြီဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ရိုက်ခတ်မှုတစ်ခုအနေနဲ့ စိတ်ကသိကအောက်ဖြစ်စရာ ကိစ္စလေးတစ်ခုကိုလည်း ဒီရက်ပိုင်းထဲမှာ ကိုယ်တိုင်ကြုံခဲ့ရပါသေးတယ်။
ဖြစ်ပုံက ဒီလိုပါ။

(၂)
တိုင်းရင်းသားကလေးငယ်အများစုကို စာသင်၊ ထိန်းကျောင်းပေးဖို့ ကျွန်တော် လက်ရှိရောက်ရှိနေတဲ့ ပညာဒါနပရဟိတကျောင်းမှာ ကျောင်းသား/သူ ၁၆ဝ ကျော်ရှိပြီး ၈ တန်းနဲ့ ၉ တန်း အယောက် ၄ဝ လောက်ကို နီးစပ်ရာ အစိုးရအထက်တန်းကျောင်းမှာ ထားရပါတယ်။ ကျောင်းဖွင့်ရက်တစ်ရက်မှာ ကျွန်တော်တို့ကျောင်းက သမီးငယ်တစ်ယောက် နေမကောင်းဖြစ်လို့ လာခေါ်ဖို့ဆိုပြီး အစိုးရကျောင်းက ဖုန်းဆက်လာပါတယ်။ ပရဟိတကျောင်းနဲ့ ကျောင်းဟာ ဆိုင်ကယ်နဲ့သွားရင် အလွန်ဆုံး ၇ မိနစ်၊ ၈ မိနစ်ဆိုတော့ ဖုန်းဆက်ပြီး မကြာခင်ပဲ ကျွန်တော် ရောက်သွားပါတယ်။ နေမကောင်းဖြစ်တဲ့ ကျောင်းသူကို ဆိုင်ကယ်ပေါ် တင်ခေါ်သွားမယ်ဆိုတဲ့အချိန်မှာ ဆရာမနဲ့ စကားပြောရတော့တာပါပဲ။

‘ကလေးကို တစ်ယောက်တည်း ခေါ်သွားလို့ ဖြစ်မယ်မထင်ဘူး။ နောက်ထပ် သမီးတစ်ယောက်ပါ ထည့်ပေးလိုက်မယ်’။ ‘ကိစ္စမရှိပါဘူး ဆရာမ။ ပရဟိတကျောင်းက နီးနီးလေးပါ။ သူ့တစ်ယောက်တည်းပဲ ခေါ်သွားလိုက်ပါမယ်’။ ‘နောက်ထပ် ကျောင်းသူတစ်ယောက်ပါ ဆရာ့ဆိုင်ကယ်ပေါ် တင်သွားလို့ ဖြစ်တယ်မဟုတ်လား’။ ‘ဗျာ ….’။ ဖျားနေတယ်ဆိုတဲ့ ကျောင်းသူလေးရဲ့အခြေအနေက သိပ်ဆိုးဆိုးရွားရွားမဟုတ်လို့ ကျွန်တော့်ဘက်က အရိုးခံစိတ်နဲ့ ကိစ္စမရှိကြောင်း၊ ဆိုင်ကယ်စီးရတာ အကျပ်အတည်းဖြစ်မှာစိုးလို့ တစ်ယောက်တည်းပဲ ခေါ်သွားမယ့်အကြောင်း ပြောမိတယ်။

ဆရာမဘက်ကတော့ နောက်ထပ် သမီးတစ်ယောက်ပါခေါ်သွားဖို့ပဲ တတွတ်တွတ်ပြောနေတော့တာပါပဲ။အစတုန်းက ဘာဖြစ်လို့ သမီးငယ်တစ်ယောက်တည်းကို ကျွန်တော်နဲ့ မထည့်လိုက်ချင်တာလဲ မစဉ်းစားမိခဲ့ဘူး။ မယုံသင်္ကာအကြည့်တချို့နဲ့ ဆရာမရဲ့မျက်နှာကို ဖတ်ကြည့်မိမှ ပရဟိတကျောင်းကို ပြန်မရောက်ဘဲ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေလို့ဆိုတာ သိလိုက်ရတာပါ။ ‘ဒါ …ငါ့ကို အထင်သေးတာ၊ မယုံတာပဲ’။’ငါ့ရုပ်က အဲဒီလောက်ထိ မယုံသင်္ကာမျက်နှာ ပေါ်နေလို့လား။ ဒါ ငါ့ဂုဏ်သိက္ခာကို ထိပါးတာ’ဆိုတဲ့အတွေးနဲ့ စစချင်းတော့ ရှက်သလို၊ ဒေါသထွက်သလို ဖြစ်မိသွားတာအမှန်ပါပဲ။ ခေါင်းအေးအေးပြန်စဉ်းစားကြည့်တော့မှ ဆရာမဘက်က စိတ်မချနိုင်ဘူးဆိုတာကိုလည်း အပြစ်မဆိုသာပြန်တော့ပါဘူး။

စာရိတ္တတွေ ပျက်ယွင်းနေပြီဖြစ်တဲ့ စိတ်ပျက်စရာ လူ့အသိုက်အဝန်းတစ်ခုကိုက သူ့နှမ ကိုယ့်နှမ မရှောင်၊ ကလေးသူငယ် မရှောင်၊ ကျောင်းသူမရှောင်နဲ့ ပြစ်မှား၊ ကျူးလွန်နေကြတာပဲ မဟုတ်ပါလား။ နောက်ဆုံးအဆင့် ကျောင်းဆရာဆိုတဲ့လူကို မယုံရသလို ကိုယ့်ဖခင်ရင်းကိုတောင် ယုံကြည်လို့မရတော့ဘူးဆိုတဲ့ သံသယမျက်လုံးတွေနဲ့ လူမဆန်မှု အမှောင်တွေ ဖုံးနေခဲ့ပြီဆိုတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ပျောက်ဆုံးလာကြပြီပေါ့။

(၃)
ဘာသာ သာသနာနဲ့ယဉ်ကျေးမှုအစဉ်အလာကောင်းတွေ အပါအဝင် အဘက်ဘက်မှာ ယိုယွင်းနိမ့်ပါးလာတဲ့ လက်ရှိအခြေအနေကို ခဏမေ့ထားပြီး ဒီဘက်မျိုးဆက်တစ်ခုစာ နှစ်အစိတ်၊ နှစ်သုံးဆယ်လောက်ကိုပဲ ပြန်သွားကြည့်ရအောင်ပါ။သိပ်မဝေးသေးတဲ့ နှစ်ကာလများတုန်းကထိ မြန်မာဆိုတာနဲ့ ရွှေရောင်လွှမ်းတဲ့ စေတီဘုရားတွေနဲ့ ရွှေရောင်နိုင်ငံတစ်ခုကို ပြေးမြင်ခဲ့ကြတယ်။ မြန်မာဆိုတာနဲ့ ချစ်စရာ သနပ်ခါး ပါးကွက်ကျားလေးတွေ၊ အရိုးခံစိတ်နှလုံးနဲ့ ဖြူဖြူစင်စင်အပြုံးတွေကို ပြေးမြင်ကြတယ်။ အတိတ်သမိုင်းကြီးခဲ့တဲ့ မြန်မာတွေဟာ တစ်ချိန်တုန်းကတော့ ကြီးသူကို ရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကို သနားညှာတာဆိုတဲ့ ဗြဟ္မာစိုရ်နှလုံးသားပိုင်ရှင်တွေလို့ ညွှန်းခဲ့ကြရတာပေါ့။

မိဘနဲ့သား၊ မယားနဲ့လင်၊ အရှင်နဲ့ကျွန်၊ ထေရ်မွန်-ဒကာဆိုသလို ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့အစည်းမှာ နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ ကျင့်သုံးတတ်ဖို့ စောင့်စည်းထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ်၊ ဝတ္တရားတွေလည်း ညွှန်ကြားဆုံးမထားပြီးသားပါပဲ။ဒါပေမဲ့ ဒီကနေ့အချိန်ရောက်မှ အစဉ်အလာယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေဖောက်ပြီး မှောက်မှားကျူးလွန်လာကြတာ တကယ့်ကို မကြားဝံ့မနာသာ။ နေ့စဉ်နဲ့အမျှဆိုသလို ရိုက်နှက်သတ်ဖြတ်၊ လူမဆန်မှုတွေနဲ့အတူ ဒီဘက်နှစ်များအတွင်း ဆိုးဆိုးရွားရွား ကြားလာရတာက ကျူးလွန်သူကို သေဒဏ်ပေးဖို့အထိ တောင်းဆိုတိုက်ပွဲဝင်နေရတဲ့ သက်ငယ်မုဒိမ်းမှုတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း ထွက်ပေါ်လာတဲ့ အချက်အလက်များအရ ၂ဝ၁၃ ခုနှစ်မှာ သက်ငယ်မုဒိမ်းမှု ၁၅ မှု၊ ၂ဝ၁၄ မှာ ၃၃၄ မှု၊ ၂ဝ၁၅ မှာ ၃၁၆ မှုနဲ့ ၂ဝ၁၆ ခုနှစ်မှာ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်းကျင့်ခံရမှုဟာ ၆၇၁ မှုထိ တက်လာကြောင်း တွေ့ခဲ့ရပါတယ်။ အဲဒီလိုပဲ ၂ဝ၁၇ထဲမှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုစုစုပေါင်း ၁၄ဝဝ ခန့်မှာ ကလေးသူငယ်မုဒိမ်းမှု ၈၉၇ မှုအထိ ဆိုးဆိုးရွားရွား မြင့်တက်လာခဲ့ပါတယ်။သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှစ်အလိုက်နှိုင်းယှဉ်ချက်ဇယား တစ်ခုမှာတော့ ၂ဝ၁၆ အတွင်း တစ်လ ပျမ်းမျှ သက်ငယ်မုဒိမ်း ၆ဝ၊ ၂ဝ၁၇ အတွင်း တစ်လပျမ်းမျှ ၇ဝ ကနေ ၂ဝ၁၈ အတွက် ဧပြီလအထိ စစ်တမ်းမှာ တစ်လပျမ်းမျှ ၉ဝအထိ မြင့်တက်လာခဲ့ကြောင်း ဆိုပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အများဆုံးနေထိုင်ပါတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွင်း တစ်ရက်ကို သက်ငယ်မုဒိမ်း ၃ မှုလောက် ဖြစ်နေတယ်ဆိုတဲ့ သဘောပါပဲ။ ကိုယ့်ရဲ့ တဒင်္ဂသွေးသားဆန္ဒအတွက် လူမမည်အရွယ်လေးတွေကိုမှ ပစ်မှတ်ထားဖျက်ဆီးကြတဲ့ ဒီလိုလူတွေရှိနေသမျှလည်း ကလေးငယ်တွေရဲ့အနာဂတ် လုံခြုံမှုရှိလာနိုင်မှာမဟုတ်ပါဘူး။

(၄)
သက်ငယ်မုဒိမ်းနဲ့ဆိုင်တဲ့ လေ့လာချက်မှတ်တမ်းတချို့အရ အိမ်ခြေရာမဲ့နဲ့ ဆင်းရဲသား ကျူးကျော်ရပ်ကွက်တွေမှာ ဒီလိုပြစ်မှုတွေ အဖြစ်များတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခုနောက်ပိုင်းမှာ ကျွန်တော်တို့အားလုံးအတွက် စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းတာက မုဒိမ်းကောင်ဟာ ကျူးကျော်ရပ်ကွက်၊ အမှောင်ည ရထားလမ်း၊ ဘူတာရုံတွေ၊ အသိပညာ ဆင်းရဲ၊ ငွေကြေးဆင်းရဲမှုတွေနဲ့ အကာအကွယ်မဲ့နေတဲ့ အောက်ခြေအလွှာဝန်းကျင်ကနေ နိုင်ငံတော်ရဲ့ ကျောင်းစာသင်ခန်းထဲအထိ ရောက်လာခဲ့ပြီဆိုတာပါ။ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က နေပြည်တော်၊ သပြေကုန်း၊ Wisdom Hill မူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ အသက် ၂ နှစ်၊ ၁၁ လအရွယ် ဗစ်တိုးရီးယားလေးရဲ့အမှုကို ကြည့်လိုက်တာနဲ့ မုဒိမ်းကောင်ဟာ ‘ပညာမြင့်မှ လူမျိုးတင့်မည်’ဆိုတဲ့ စာသင်ခန်းထဲကို ရောက်လာပြီဆိုတာ သိသာပါတယ်။

ကလေးငယ်တွေရဲ့ အနာဂတ် လှပစိုပြည်ဖို့နဲ့ သူတို့လေးတွေရဲ့ ဘဝ အပြစ်ကင်းစွာ ဖူးပွင့်ဝေဆာလာဖို့အရေး ပြုပြင် ထိန်းကျောင်း ရေလောင်းပေါင်းသင်ပေးရမယ့် ကျောင်းစာသင်ခန်းထဲမှာတောင် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုနဲ့ အနာဂတ် ဘဝ လုံခြုံမှုမရှိတော့ဘူးဆိုရင် ဒီလူ့အဖွဲ့အစည်းအတွင်း ကလေးငယ်တွေရဲ့ ခိုလှုံရာဆိုတာ ဘယ်မှာရှာရပါတော့မလဲ။ဒါကြောင့်လည်း သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အထိ လှုပ်ရှားတောင်းဆိုမှုတွေ ဆူညံလာခဲ့ရတာဖြစ်ပါတယ်။ ဒီနေရာမှာ တွေးကြည့်မိတာက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့အတွက် အချက်အလက်တွေကောက်၊ လိင်ပညာပေးလုပ်ငန်းစဉ်တွေလုပ်၊ ပြင်းထန်တဲ့ စီရင်ချက်တွေ ချမှတ်ရုံနဲ့ရော ဒီလူမဆန်တဲ့လုပ်ရပ်တွေက ဘယ်လောက်ထိ လျော့ပါးသွားနိုင်မလဲဆိုတဲ့အချက်ပါ။

(၅)
ဒီဘက်နောက်ပိုင်းမှာ သက်ငယ်မုဒိမ်းတွေ အဖြစ်များလာခြင်းအကြောင်းရင်း ဆန်းစစ်ကြည့်တော့ အနေနီးစပ်ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း၊ အဖော်မဲ့သွားလာခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ အခွင့်အရေးရခြင်း၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်း ….စတဲ့အချက်တွေ တွေ့ရကြောင်း ဆိုပါတယ်။ လူဆိုတာ လူမှုပတ်ဝန်းကျင်နဲ့နေရတဲ့ လူမှုရေးသတ္တဝါဖြစ်နေတဲ့အချိန်မှာ အနေနီးပြီး အခွင့်အရေးရတိုင်းသာ မုဒိမ်းမှုတွေဖြစ်နေရမယ်ဆိုရင်လည်း အပြစ်မဲ့ကလေးငယ်တွေအတွက် နေစရာ ရှိမှာမဟုတ်တော့ပါဘူး။ တကယ်တမ်း ကျွန်တော်မြင်တာကတော့ အနေနီးလို့၊ အဖော်မဲ့လို့၊ အခွင့်အရေးရလို့ဆိုတာတွေထက် လူစိတ်ပျောက်ပြီး လူ့ကိုယ်ချင်းစာတရား ကင်းမဲ့သွားလို့ ဒီလို မဖွယ်မရာမှုခင်းသတင်းတွေ ပေါများလာတာပါ။ နောက်တစ်နည်းပြောရရင် ဒါဟာ ဘာသာရေးနဲ့ဝေးလိုက်လာကြလို့ပါပဲ။

ဘာသာရေးနဲ့ဝေးပြီး ဘာသာရေးအသိတရားတွေကို ခေါင်းထဲကနေ ထုတ်ထားတော့ လူ့အဖွဲ့အစည်းမှာ စောင့်စည်းအပ်၊ ထိန်းသိမ်းအပ်တဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေ နားမလည်ကြတော့ဘူး။ လူ့ကျင့်ဝတ်တွေ နားမလည်တော့ ကိုယ်ချင်းစာ မေတ္တာတရားနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ စောင့်စည်းထိန်းသိမ်းမှုတွေ မရှိကြတော့ဘူး။ ဒီလိုနဲ့ တဒင်္ဂရမ္မက်ဆန္ဒအတွက် တိရစ္ဆာန်ထက် ပိုယုတ်ညံ့တဲ့ ကြံစည်မှု၊ လုပ်ရပ်တွေကျူးလွန်ရင်း နုနယ်အားနွဲ့လှတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားစော်ကားလာကြတာပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ အဆုံးအမတွေထဲမှာ သူ့အသက်ကို မသတ်နဲ့၊ သူတစ်ဖက်သားကို မတော်မတရား မစော်ကားနဲ့၊ အားနွဲ့သူကို အနိုင်မကျင့်နဲ့၊ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာတရားနဲ့ စိတ်ကောင်းထား …အစရှိတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွေကို စနစ်တကျနဲ့ ထောင့်စေ့နေအောင် ဆုံးမထားပြီးသားဖြစ်ပါတယ်။ တကယ်လို့သာ ဘာသာရေးအဆုံးအမ၊ ဘာသာရေးအသိနဲ့ ယဉ်ကျေးမှုအစဉ်အလာကောင်းတွေကို တန်ဖိုးသိသိနဲ့ တန်ဖိုးရှိရှိ စောင့်စည်းလိုက်နာကြမယ်ဆိုရင် ဒီနိုင်ငံမှာ မုဒိမ်းကောင်တွေ စာသင်ခန်းထဲထိ ရောက်လာဖို့ အကြောင်းမရှိနိုင်ပါဘူး။ ခုတော့ ချစ်စရာသနပ်ခါး ပါးကွက်ကျား၊ ဖြူဖြူစင်စင်အပြုံးနဲ့ ဗြဟ္မစိုရ်နှလုံးသားတွေ ပျောက်ဆုံးလာမှုနဲ့အတူ မြန်မာနိုင်ငံထဲက မြန်မာလူ့အဖွဲ့အစည်းမှာ မောင်နဲ့နှမ၊ သားနဲ့အမိ၊ ဆရာ တပည့်တွေကြားမှာတောင် မျက်နှာပူ အရှက်ရစရာအမှုကိစ္စတွေ ကြုံနေရတုန်းပါပဲ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top