ဒုတိယကမ္ဘာစစ်သုံး ဗြိတိန်စစ်သင်္ဘောပျက်နှစ်စင်းကို ဖောက်ထွင်းခဲ့ဖွယ်ရှိတဲ့ တရုတ်သင်္ဘောကို မလေးရှား ထိန်းသိမ်း

30.5.2023-yyl-13.jpg

ဒုတိယကမ္ဘာစစ်သုံး ဗြိတိန်စစ်သင်္ဘောပျက်နှစ်စင်းကို ဖောက်ထွင်းခဲ့တယ်လို့ သံသယရှိတဲ့ တရုတ်သင်္ဘောကို မလေးရှားနိုင်ငံက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်က ဂျပန်တပ်တွေရဲ့ ပစ်ခတ်နှစ်မြှုပ်ခြင်းခံခဲ့ရတဲ့ HMS Prince of Wales နဲ့ HMS Repulse သင်္ဘောနှစ်စင်းပေါ်က လက်နက်ခဲယမ်းတွေကိုလည်း တရုတ်သင်္ဘောပေါ်မှာ တွေ့ရှိခဲ့ပါတယ်။

စစ်ကြိုခေတ်သံမဏိကို အသုံးပြု တည်ဆောက်ထားတာကြောင့် သိုက်တူးသမားတွေက ရှေးခေတ်သင်္ဘောပျက်တွေကို ပစ်မှတ်ထား ရှာဖွေလေ့ရှိပါတယ်။ အဏုမြူဗုံး မကျဲခင် ထုတ်လုပ်ခဲ့တဲ့ သံမဏိတွေဟာ ဓာတ်ရောင်ခြည်သင့်မှု နည်းပါးလို့ ရှားပါး၊ အဖိုးတန်ပြီး ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ ကိရိယာတွေ ထုတ်လုပ်ဖို့ အသုံးပြုလေ့ရှိပါတယ်။

မလေးရှားကမ်းရိုးတန်းရဲ့ အရှေ့ကမ်းလွန်ဘက် မိုင် ၆၀ အကွာက ပင်လယ်ကြမ်းပြင်အောက်မှာ နစ်မြုပ်နေတဲ့ ဗြိတိန်စစ်သင်္ဘောတွေကို သိုက်တူးသမားတွေ ပစ်မှတ်ထားရှာဖွေခဲ့ကြတာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။

ဒုတိယကမ္ဘာစစ်အတွင်း မလေးကျွန်းဆွယ်ကို ကာကွယ်ဖို့ စေလွှတ်ခဲ့တဲ့ တော်ဝေရေတပ်သင်္ဘောတွေဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာတော့ ဂျပန်သင်္ဘောတွေရဲ့ တော်ပီဒိုတွေကြောင့် ရေအောက်နစ်မြုပ်ခဲ့တာပါ။ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီး ၃ ရက်အကြာမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပြီး သင်္ဘောသား ၈၄၂ ယောက် သေဆုံးခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဗြိတိန်ရေတပ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုပါပဲ။

တောင်တရုတ်ပင်လယ်ထဲမှာ တရားမဝင် ကျောက်ချထားတဲ့ တရုတ်သင်္ဘောကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံက ထိန်းသိမ်းခဲ့တာပါ။ တရုတ်နိုင်ငံ ဖူကျိုးမြို့မှာ မှတ်ပုံတင်ထားတဲ့ ဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၃၂ ယောက် ပါဝင်ပါတယ်။ တရုတ်သင်္ဘောရဲ့ လုပ်ရပ်ဟာ ရေကြောင်းစစ်သချိုင်းကို ဖောက်ထွင်းမှုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Malaysia detains Chinese ship suspected of looting British WW2 wrecks

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top