အိမ်ဖောက်ထွင်းဝင်ရောက်သူကို မီးဖိုချောင်က အရက်ပုလင်းသောက်ပြီး ဧည့်ခန်းထဲမှာ အိပ်ပျော်နေတာကို ရဲတွေတွေ့ရှိ

23-1-2023-yyl-201.jpg

မလေးရှားနိုင်ငံမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ အိမ်ဖောက်ထွင်းဝင်ရောက်သူလို့ သံသယရှိတဲ့အမျိုးသားကို အရက်မူးပြီး ဧည့်ခန်းမှာ အိပ်ပျော်နေတာကို မလေးရှားရဲတွေ တွေ့ရှိခဲ့တာပါ။ ဒီဖြစ်ရပ်က ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၆၆ နှစ်အရွယ် တစ်ထပ်တိုက်အိမ်ပိုင်ရှင် မနက်အိပ်ယာနိုးလာတော့ သူ့ရဲ့အိမ်တစ်ခုလုံး ဗြောင်းဆန်အောင် ရှုပ်ပွနေတာတွေ့ခဲ့ရပါတယ်။ သူနဲ့သူ့မိသားစုဝင်က ဘာကြောင့် အခုလိုဖြစ်နေလဲဆိုတာ စူးစမ်းရှာဖွေကြည့်လိုက်တော့မှ သူတို့ရဲ့ဧည့်ခန်းမှာ အရက်မူးပြီး အိပ်မောကျနေတဲ့ သူစိမ်းအမျိုးသားတစ်ဦးကို တွေ့ခဲ့ရပြီး အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။
ချက်ချင်းပဲ ရဲကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ တိုင်ကြားသူနဲ့ သူ့ရဲ့ဇနီး၊ သားသမီး (၄) ယောက်က အခင်းဖြစ်ပွားချိန် အိမ်မှာ ရှိနေခဲ့တယ်လို့ Bernama သတင်းဌာနအရ သိရပါတယ်။ ရဲတွေရောက်လာတဲ့အချိန်အထိ သူစိမ်းအမျိုးသားက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတုန်းပါပဲ။ ရဲတပ်ဖွဲ့ဝင် (၃) ဦးက အဲဒီအမျိုးသားကို ခေါ်သွားဖို့အတွက် အကြိမ်ပေါင်းများစွာ လှုပ်နှိုးခဲ့ရပါတယ်။

အဲဒီအမျိုးသားက အိမ်ထဲ ဝင်ရောက်ပြီးနောက် မီးဖိုချောင်မှာ တွေ့တဲ့ အရက်ပုလင်းတစ်ပုလင်းလုံးကို သောက်ပစ်ခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ အဲဒီအမျိုးသားရဲ့အနီးနားမှာ ဓား (၂) ချောင်း၊ တရုတ်နှစ်ကူးမုန့်တစ်ထုပ်၊ အရက် (၂) ပုလင်း၊ ဖုန်းတစ်လုံးနဲ့ သော့တွဲတစ်တွဲ ပြန့်ကျဲပြီးရှိနေခဲ့ပါတယ်။ သူ ပိုင်ဆိုင်တဲ့ ဖိနပ်တစ်ရံနဲ့ မော်တော်ဆိုင်ကိုတော့ မီးဖိုချောင်ဝင်ပေါက်နဲ့ အိမ်အပြင်ဘက်မှာ တွေ့ရှိခဲ့ရပါတယ်။

အိမ်ဖောက်ထွင်းဝင်ရောက်သူလို့ သံသယရှိတဲ့ အသက် ၄၁ နှစ်အရွယ် အဲဒီအမျိုးသားက အခင်းဖြစ်ရာနေရာကို ဆိုင်ကယ်စီးလာခဲ့ပြီး တံတိုင်းကို ကျော်ကာ မီးဖိုချောင်ကတဆင့် အိမ်ထဲဝင်ရောက်ခဲ့တဲ့ပုံရတယ်လို့ Sin Chew Daily က ဖော်ပြပါတယ်။ အိမ်ပိုင်ရှင်ကတော့ ကြီးကြီးမားမားဆုံးရှုံးမှုမရှိခဲ့ပါဘူး။

သံသယရှိသူဟာ အရင်က မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ ပြစ်မှုမှတ်တမ်းရှိပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ထိန်းသိမ်းထားပါတယ်။

Ref: Man breaks into M’sian house, gets drunk on liquor found in kitchen, police finds him asleep in living room

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top