စားသုံးသူတစ်ဦး ချန်ထားရစ်ခဲ့တဲ့ ဘောက်ဆူးကြောင့် တအံ့တသြဖြစ်ခဲ့ရတဲ့ စားသောက်ဆိုင်ပိုင်ရှင်

26-11-2020-yyl-016.jpg

အိုဟိုင်းယိုးပြည်နယ်၊ Cleveland မြို့က မြို့တွင်းစားသောက်ဆိုင်တစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်းတိုးနေတဲ့အတွက် ပိတ်ထားရတော့မယ့် နောက်ဆုံးရက်မှာ စားသုံးသူတစ်ဦးပေးတဲ့ ဘောက်ဆူးကြောင့် တအံ့တသြဖြစ်ခဲ့ရပါတယ်။ အဲဒီစားသုံးသူ ပေးတဲ့ ဘောက်ဆူးက သူမှာစားတဲ့အစားအစာဖိုးထက် ပိုများတဲ့ ငွေပမာဏဖြစ်နေလို့ပါပဲ။ Nighttown စားသောက်ဆိုင်ပိုင်ရှင် ဘရန်ဒန် ရင်းချ် ( Brendon Ring) ဆိုသူက သူ့ရဲ့စားသောက်ဆိုင်မှာ နေ့လည်စာစားနေတဲ့အချိန် မကြာခဏလာစားလေ့ရှိတဲ့ စားသုံးသူတစ်ဦးက ရောက်လာခဲ့ပြီး သူ့ရဲ့စားပွဲပေါ်မှာ ဘောက်ဆူး ဒေါ်လာ ၃၀၀၀ ပါတဲ့ ငွေရှင်းပြေစာတစ်ခု ချန်ထားရစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘရန်ဒန်က အိုဟိုင်းယိုးပြည်နယ်မှာ ကိုဗစ်ထိန်းချုပ်နိုင်ဖို့အတွက် ဇန်နဝါရီလအထိ စားသောက်ဆိုင်ကို ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆိုင်ပိတ်မယ့်နောက်ဆုံးရက်လေးမှာ စားသုံးသူတော်တော်များများ လာရောက်ခဲ့တာကြောင့် အလုပ်နည်းနည်းရှုပ်ခဲ့ကြပါတယ်။ ဘရန်ဒန်တို့ အလုပ်ရှုပ်နေတဲ့အချိန်မှာ အမျိုးသားတစ်ယောက်ဝင်လာခဲ့ပြီး အစားအစာမှာယူခဲ့စားသောက်ခဲ့တဲ့အပြင် ဆိုင်မန်နေဂျာကို သူ့ရဲ့ငွေရှင်းပြေစာရနိုင်မလားလို့ ဆိုပြီး တောင်းခဲ့တယ်လို့ ဘရန်ဒန်ရဲ့ပြောစကားအရ သိရပါတယ်။

အမည်မသိအမျိုးသားက ရရှိခဲ့တဲ့ ငွေရှင်းပြေစာကို ဘရန်ဒန်ရဲ့စားပွဲဆီယူလာခဲ့ပြီး ဆိုင်ဝန်ထမ်းတွေနဲ့အတူ ဘောက်ဆူးကို ခွဲယူပေးဖို့ ပြောပြီး ဆိုင်ကနေ ထွက်သွားခဲ့တာဖြစ်ပါတယ်။ သူက “မင်းတို့တွေ ကံကောင်းကြပါစေ။ ဆိုင်ပြန်ဖွင့်တဲ့အချိန်ကျရင် မင်းတို့ကို တွေ့မယ်”လို့လည်း ပြောခဲ့ပါသေးတယ်။ ပြေစာကို ဘရန်ဒန် အရင်ဆုံးကြည့်လိုက်တဲ့အခါမှာ ဘောက်ဆူးက ဒေါ်လာ ၃၀၀ လို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ မျက်မှန်တပ်ပြီးကြည့်လိုက်တဲ့အခါမှာတော့ သုညတစ်လုံးပိုနေတာကို တွေ့ခဲ့ရပါတယ်။ ၇ ဒေါ်လာပဲ ကျသင့်ခဲ့တဲ့ ငွေရှင်းပြေစာမှာ ဘောက်ဆူး ဒေါ်လာ ၃၀၀၀ ဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ စားသုံးသူ မှားပေးခဲ့တာလားဆိုပြီး ဘရန်ဒန်က စားသုံးသူဆီ ပြေးလိုက်ခဲ့ပါတယ်။ “နိုး…ကျွန်တော် တကယ်ပေးတာမှန်ပါတယ်။ ဒါကို ဝန်ထမ်းတွေနဲ့ ခွဲယူလိုက်ပါနော်။ မင်းတို့တွေ ကံကောင်းပါစေ။ မယ်ရီ ခရစ်စမတ်ပါ။ မင်းတို့ဆိုင်ပြန်ဖွင့်တဲ့အခါ ကျွန်တော်ကို တွေ့ရမှာပါ” လို့ စားသုံးသူက ပြောခဲ့ပါတယ်။

ဘရန်ဒန်ကို ဝန်ထမ်းတွေကို စနောက်တတ်သူလို့ သိထားကြတာကြောင့် စားပွဲထိုးတွေထဲက တစ်ယောက်ကို စားသုံးသူတစ်ဦးက ဘောက်ဆူးပေးခဲ့တယ်ဆိုတဲ့ သတင်းကို ပြောပြတဲ့အခါမှာ သူ စနောက်နေတယ်လို့ပဲ ထင်ခဲ့ပါတယ်။ စနောက်နေတာမဟုတ်ဘဲ တကယ်ဆိုတာ သိသွားတဲ့အချိန်မှာ အဲဒီစာပွဲထိုးကောင်မလေးလည်း မျက်ရည်တောင်ကျခဲ့ရပါတယ်။

တနင်္ဂနွေနေ့ နောက်ဆုံးဆိုင်ဖွင့်ရက်မှာ ဝန်ထမ်း (၄) ဦးပဲရှိခဲ့တဲ့အတွက် ဘောက်ဆူးကို တစ်ယောက် ဒေါ်လာ၇၅၀ စီခွဲယူခဲ့ကြပါတယ်။ စားသုံးသူရဲ့ရက်ရော်မှုအတွက်ရော ဒီသတင်းကို လူတော်တော်များများသိသွားတဲ့အတွက်ပါ ဘရန်ဒန်က မယုံကြည်နိုင်ဖြစ်ခဲ့ရတာပါ။ အိုင်ယာလန်မှာ နေထိုင်နေတဲ့ ဘရန်ဒန်ရဲ့ညီမကတောင် သတင်းစာထဲမှာ ဒီအကြောင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: CNN “Local restaurant in Cleveland is shocked when a customer leaves a $3,000 tip”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top