လက်မှာ လက်ထပ်စာချုပ်ပုံတူတတ်တူးထိုးခဲ့တဲ့ထိုင်းအမျိုးသား

unnamed.png

ထိုင်းနိုင်ငံက အမျိုးသားတစ်ဉီးကတော့ သူ လက်ထပ်ထားကြောင်းကို လူအများမြင်တွေ့အောင် လက်ထပ်စာချုပ်ကို တတ်တူးအဖြစ် ထိုးကာ ချပြခဲ့ပါတယ်။ အခြားသူတွေဆိုရင် လက်ထပ်တဲ့နေ့ (ဒါမှမဟုတ်) ကောင်မလေးရဲ့နာမည်၊ ရုပ်ပုံတွေကို ထိုးတာများပါတယ်။ Nanthawat Nakub ဆိုတဲ့ အဲဒီအမျိုးသားကတော့ သူ့လက်မှာ လက်ထပ်စာချုပ်တတ်တူးထိုးလိုက်ခြင်းဖြင့် သူ့ဇနီးကို သူ့အချစ်တွေ ထုတ်ပြလိုက်တာဖြစ်ပါတယ်။

အဲဒီအမျိုးသားရဲ့ဇနီးကိုယ်တိုင်က သူတို့ရဲ့လက်ထပ်စာချုပ်ကို သူ့ခင်ပွန်းရဲ့လက်မှာ တတ်တူးအဖြစ် ထိုးထားတဲ့ပုံတွေကို Om-Aim Daraployphan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၂၆ ရက်နေ့ကတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပို့စ်က မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပါတယ်။ သူ့ခင်ပွန်းရဲ့လက်ထပ်စာချုပ်တတ်တူးက လက်မှာ ထင်ကနဲမြင်တွေ့ရပြီး ဉပဒေနဲ့အညီ လက်မှတ်ရေးထိုးထားတဲ့ သူတို့ရဲ့လက်ထပ်စာချုပ်နဲ့ လုံးဝကို ချွတ်စွပ်ပါပဲ။

လက်ထပ်စာချုပ်တတ်တူးပုံတွေကို ဇနီးဖြစ်သူက ကပ်ပ်ရှင် အရှည်ကြီးရေးတင်ခဲ့ပါတယ်။ “ချစ်ခြင်းတရားရဲ့တာဝန်က တစ်စုံတစ်ယောက်ကို အချစ်တွေ ပေးဖို့နဲ့ အဲဒီအချစ်တွေကို ပြန်ရဖို့ စိတ်ရှည်ရှည်စောင့်ဆိုင်းဖို့ပါပဲ။ ချစ်ခြင်းတရားဆိုတာ အပြင်းအထန်ကြိုးစားအားထုတ်ရခြင်းတစ်ခုမဖြစ်သင့်တဲ့အတွက်ကြောင့်ပါ”ဆိုပြီး အစချီထားပါတယ်။

“ကျွန်မတို့ရဲ့ဘဝမှာ နာကျင်မှုတွေ ဖြစ်စေတဲ့ ချစ်စရာကောင်းတဲ့ မျက်နှာတွေနဲ့ လူတွေထက် သာမန်လူမျိုးကို ကျွန်မ ပိုပြီး လိုလားပါတယ်။ ကျွန်မကို ယုံကြည်ပါ။ ကျွန်မ တော်တော်များများကို ကြုံတွေ့ဖူးပါတယ်။ ဒါကြောင့်မို့ ကျွန်မကို အမြဲတမ်း ဂရုစိုက်ပေးတဲ့အတွက် မိသားစုကို ပံ့ပိုးပေးတဲ့အတွက် ကျွန်မကို သစ္စာရှိပေးတဲ့အတွက် ကျွန်မ့ခင်ပွန်းကို ကျေးဇူးတင်ပါတယ်” လို့ ဆက်လက်ရေးသားထားပါတယ်။

ဒါ့အပြင် ကြည့်ကောင်းပြီး ပွေရှုပ်တဲ့ကောင်လေးတွေ၊ လူပေါ်ကြော့ကို ရှောင်ဖို့ အမျိုးသမီးတွေကိုလည်း အကြံပြုထားပါသေးတယ်။ “ကြည့်ကောင်းတဲ့၊ ပွေရှုပ်တဲ့ ကောင်လေးတွေက ရိုလာကိုစတာလိုပါပဲ။ သူတို့တွေက မိုက်ပေမဲ့ ရေရှည်မခံပါဘူး။ ထက်မြက်တဲ့လူတစ်ယောက်က အဲဒီလိုကောင်လေးတွေနဲ့ လက်မတွဲဖို့ ပိုပြီး သိကြပါလိမ့်မယ်” လို့ ဆိုပါတယ်။ “လက်တွေစုပ်ကိုင်ထားပြီး ကျွန်မတို့ရဲ့ခရီးကို ဆက်သွားကြရအောင်။ ချစ်တယ်…ကျွန်မရဲ့ချစ်လှစွာသောခင်ပွန်း” လို့လည်း ရေးသားထားပါတယ်။

ကွာရှင်းစာချုပ်တတ်တူးအတွက် ပြန်လာထိုးမယ်ဆိုရင် တတ်တူးထိုးပေးမှာမဟုတ်ဘူးလို့ တတ်တူးဆရာ ပြတ်ပြတ်သားသားပြောလိုက်ကြောင်းလည်း အဆုံးသတ်မှာ ဟာသဆန်ဆန်ရေးသားထားပါတယ်။ ခင်ပွန်းဖြစ်သူက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရတဲ့အခါ သူတို့ရဲ့အချစ်တွေကို သတိပေးနေစေဖို့ ရည်ရွယ်ပြီး လက်ထပ်စာချုပ်တတ်တူးထိုးခဲ့တာလို့ သိရပါတယ်။

အင်တာနက်အသုံးပြုသူတွေကလည်း ဒီလိုတတ်တူးထိုးပြီး အချစ်တွေဖော်ပြတာက ရှားတယ်လို့လည်း ပြောဆိုနေပါတယ်။ လက်ထပ်စာချုပ်တတ်တူးထိုးခဲ့တဲ့ အဲဒီအမျိုးသားကို Husband of the Year လို့တောင် အသိအမှတ်ပြုခေါ်ဝေါ်နေကြပါတယ်။

Ref: TheSmartLocalThailand “Man Has Marriage Cert Inked On His Arm, Netizens Call Him Husband Of The Year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top