ပိန္နဲစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၇) ခု

shutterstock-127135214-703x467-1.png

ပိန္နဲသီးဆို အရမ်းကြိုက်သူတွေရှိလား။ အသီးတင်မကဘူး၊ အသီးခြောက်တွေကိုပါ နိုင်ငံခြားကကို တကူးတက မှာယူကြတဲ့ သူတွေရှိပါတယ်။ ကိုယ်တွေအိမ်မှာတော့ ပိန္နဲသီးခွဲပြီဆို စားပြီးတဲ့အစေ့တွေ အမေက အကုန်ပြန်သိမ်းတော့တာပဲ။ ပိန္နဲစေ့ကိုဆေးကြော၊ပြန်ပြုတ်ပြီး ပုဇွန်ခြောက်ငံပြာရည်ချက်လေးနဲ့ စားရတာ ထမင်းမြိန်စေတဲ့ အတွဲအဖက်ပါ။ပိန္နဲစေ့ပြုတ်ကို ဒီတိုင်းအခွံလေးခွာစားတာလည်း သရေစာတစ်မျိုးပဲ။ ငယ်ငယ်တည်းက လူကြီးတွေစားသလို လိုက်စားခဲ့တယ်၊ စားလို့ကောင်းလို့ ကြိုက်တယ် ဒီလောက်ပဲလေ။ ဒီလောက် ကျန်းမာရေးအကျိုးကျေးဇူးရှိလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

ပိန္နဲစေ့ကနေ ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

(၁) သွေးအားကောင်းစေတယ်

ပိန္နဲစေ့မှာ ဟေမိုဂလိုဘင်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သံဓါတ်ပါဝင်မှုများပါတယ်။ သံဓါတ်ပမာဏအလုံအလောက်ရရှိနိုင်ရင်သွေးအားနည်းရောဂါကိုကုသနိုင်ပြီးသွေးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာအတော်များများကို ကာကွယ်နိုင်ပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုတိုးမြင့်စေလို့ ကိုယ်ခံအားကိုတက်စေပါတယ်။

(၂) အစာခြေစနစ်ကို ကျန်းမာစေတယ်

တိုင်းရင်းဆေးပညာတွေအရဆိုရင် ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ်ပြဿနာတွေကို ကုသဖို့ ပိန္နဲစေ့ကိုကြိတ်ထားတဲ့အမှုန့်ကို သုံးခဲ့ကြတာဖြစ်ပါတယ်။ပိန္နဲစေ့ မှာ အစာခြေစနစ်ကျန်းမာရေးအတွက် သိပ်ကိုအကျိုးပြုတဲ့ အမျှင်ဓါတ်ကြွယ်ဝနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဝမ်းပျက်ဝမ်းလျှောတဲ့အခါလည်း သူ့ကို သုံးလို့ရတယ်လို့ ဆိုကြပါတယ်။ ပမာဏအများကြီးမဟုတ်ဘဲတော်သင့်သလောက်စားတာကဆေးဖက်ဝင်နိုင်ပါတယ်။

(၃) မျက်စိအားကောင်းစေတယ်

ပိန္နဲစေ့မှာ အမြင်အာရုံအတွက် အာဟာရဓါတ်ဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ မျက်စိကိုအားကောင်းစေတဲ့ပိန္နဲစေ့ က မျက်စိအတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွေးခဲပိတ်ဆို့မှုအန္တရာယ်လျော့နည်းစေတယ်

သုတေသနထပ်လုပ်ဆောင်ဖို့လိုသေးတယ်ဆိုပေမယ့်ပိန္နဲစေ့ မှာပါတဲ့ မဂ္ဂနိစ်ကသွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

(၅) ကြွက်သားဖြစ်ပေါ်မှုကို အားပေးတယ်

ပိန္နဲစေ့မှာပါတဲ့ ပရိုတင်းတွေက ကြွက်သားဖြစ်ပေါ်မှုမှာ အထောက်အကူပေးပါတယ်။ အများကြီးမစားဖြစ်ဘူးဆိုပေမယ့် အနည်းအကျဉ်းတွဲစားတာလောက်နဲ့ အဆင်ပြေနိုင်ပါတယ်။

(၆) အသားအရေဝင်းစေတယ်

ဒီတစ်ခါတော့ စားဖို့မဟုတ်ဘူး။ပိန္နဲစေ့တွေကို နွားနို့၊ပျားရည်နဲ့စိမ်နှပ်ထားပေးပါ။ ပြီးရင် အကုန်ရောကြိတ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာ်မှာ လိမ်းပေးပါ။ ပြီးရင်ခြောက်တဲ့ အထိထားပြီးရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ မျက်နှာလေးဖြူဝင်းလာပါလိမ့်မယ်။

(၇) ဆံပင်သန်စေတယ်

ဗီတာမင်အေကြောင့်ပါပဲ။ ဗီတာမင်အေက ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးပါတယ်။ ပိန္နဲစေ့မှာကြွယ်ဝတဲ့ ပရိုတင်းဓါတ်တွေကလည်း ဆံသားကျန်းမာရေးကို အားဖြည့်ပေးနိုင်ပါတယ်။

သံဓါတ်ပါဝင်မှုကြောင့်လည်းဦးရေပြားမှာသွေးလည်ပတ်မှုပိုကောင်းစေပြီး ဆံပင်အတွက် အကျိုးပြုတာကနောက်တစ်ချက်ပါ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ပိန္နဲစေ့က စိတ်ဖိစီးမှုကို လျော့ပါးသက်သာ စေနိုင်စွမ်းရှိနေတာပါ။ သူ့မှာပါတဲ့ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေရဲ့အာနိသင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းရဲ့အကြောင်းရင်းခံတစ်ခုဖြစ်နေတာကြောင့် ဒီနည်းနဲ့ ဆံပင်ကျွတ်သက်သာစေတာပဲဖြစ်ပါတယ်။

အသီးတွေချည်း ဝယ်စားမနေကြနဲ့ဦးနော်။ အစေ့တွေလွှင့်မပစ်ဘဲ စားကြည့်လိုက်ပါ။ အစာလည်းဆေး၊ဆေးလည်းအစာဖြစ်နေတာမို့ ကြုံတဲ့အခါ စားကြည့်နော်။ ဒီအကျိုးကျေးဇူးတွေရနိုင်ပါလိမ့်မယ်။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top