မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်

6-3-2020-yyl-030.jpg

ပူပြင်းခြောက်သွေ့တဲ့ရာသီ ရောက်လာတာနဲ့အညီ မီးလောင်ကျွမ်းမှုတွေ အဖြစ်များလာတာ တွေ့ရပါတယ်။ ကျပ်သိန်းတစ်သောင်းကျော် ဆုံးရှုံးခဲ့ရတဲ့ မန္တလေးမြို့၊ Sky Walk စျေးဝယ်စင်တာ မီးလောင်မှု၊ ဆိုင်ခန်း ၄၂ ခန်း မီးလောင်ပျက်စီးခဲ့ပြီး ကျပ်သိန်း ၁၂၀၀ ကျော် ဆုံးရှုံးခဲ့တဲ့ ရန်ကုန်မြို့ သံစျေး မီးလောင်မှု၊ ကလေးငယ်တစ်ယောက်အပါအဝင် လူသုံးယောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၇ လမ်း မီးလောင်မှု၊ စက်ရုံတစ်ခုလုံး မီးလောင်ခဲ့လို့ ကျပ်သိန်း ၄၀၀၀ ကျော် ဆုံးရှုံးခဲ့တဲ့ စစ်ကိုင်းမြို့၊ အောင်စိန်(၂)ချည်မျှင်စက်ရုံ မီးလောင်မှု၊ နေအိမ် ၇၀ လောက် ဆုံးရှုံးခဲ့ရတဲ့ မင်းဘူး(စကု)မြို့နယ်၊ အိုးပြင်မဲကျေးရွာ မီးလောင်မှု စတဲ့ မီးအကြီးအကျယ် လောင်ကျွမ်းမှုတွေက ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တာပါ။ အသေးစားမီးလောင်မှုတွေ၊ မီးလန့်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတာ တွေ့ရပါတယ်။

ရန်သူငါးပါးထဲက ဒုတိယရန်သူဖြစ်တဲ့ ”မီး”ဟာ အသက်အိုးအိမ်စည်းစိမ်တွေကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်တဲ့ ရန်သူပါ။ ဆုံးရှုံးနစ်နာမှု အကြီးအကျယ် ဖြစ်စေနိုင်တဲ့ မီးဘေးကို ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ မီးလောင်ရတဲ့ အကြောင်းရင်းတွေထဲမှာ လျှပ်စစ်ကို စနစ်တကျ မသုံးစွဲတတ်တာလည်း ပါပါတယ်။ မီးဖိုချောင်မှာ လျှပ်စစ်ကို အမြဲတစေ အသုံးပြုနေရတဲ့ အိမ်ရှင်မတွေကို လျှပ်စစ်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ ရှင်းလင်းပြောပြထားသင့်ပါတယ်။ ချက်ပြုတ်နေတုန်း မီးဖိုနဲ့ ဝေးရာ ထွက်သွားတာမျိုး မလုပ်ဖို့၊ မီးဖိုနားမှာ လောင်စာ၊ အမှိုက်သရိုက်တွေ မထားဖို့၊ မီးလောင်လွယ်တဲ့ စက္ကူ၊ အဝတ်စ၊ မီးခြစ်လို အရာတွေကို မီးဖိုနား မထားမိစေဖို့ အရေးကြီးပါတယ်။ ချက်ပြုတ်နေချိန်မှာ အဝတ်အစား ဖိုသီဖက်သီဖြစ်နေရင် မီးနဲ့ထိပြီး မီးလောင်တာမျိုး ဖြစ်နိုင်ပါတယ်။ မီးအသုံးပြုပြီးတာနဲ့ မီးကြွင်းမီးကျန် မရှိအောင်၊ လုံးဝငြိမ်းသွားအောင် ဂရုတစိုက် စောင့်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

လျှပ်စစ်မီးအားကို ခံနိုင်ဝန်ထက် ပိုသုံးရင်လည်း အန္တရာယ်ရှိပါတယ်။ အိမ်အပြင်ဘက်ကို ထွက်တော့မယ်ဆိုရင်လည်း လျှပ်စစ်မီးခလုတ်တွေ သေသေချာချာ ပိတ်ဖို့၊ မီးကြွင်းမီးကျန်တွေမရှိအောင် စစ်ဆေးဖို့ လိုပါတယ်။ ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ အမွေးတိုင်မီးတွေကို ငြှိမ်းပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ မီးလောင်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဆောက်တည်ရာမရ ဖြစ်နေတာမျိုးက အန္တရာယ်ပိုများပါတယ်။ မီးသတ်ဆေးဘူးရှိရင် မီးသတ်ဆေးဘူးနဲ့ ဖျန်းတာမျိုး၊ ဒါမှမဟုတ် မီးသတ်ဦးစီးဌာနကို ချက်ချင်းအကြောင်းကြားတာမျိုး လုပ်သင့်ပါတယ်။ ကြိတ်ပြီး ငြိှမ်းသတ်တာမျိုးကလည်း အန္တရာယ်များပါတယ်။ တချို့ မီးလောင်ကျွမ်းမှုတွေမှာ ကြိတ်ပြီး ငြိှမ်းနေရင်း အခြေအနေပိုဆိုးသွားလို့ မဖြစ်သင့်တာတွေ ဖြစ်ရတာမျိုး ရှိပါတယ်။ လူနေထူထပ်လွန်းတဲ့ ရန်ကုန်မြို့မှာ တိုက်တာအဆောက်အအုံ ပေါများပေမဲ့ တိုက်ခန်းတော်တော်များများမှာ အရေးပေါ်လှေကားတွေကို အဖြစ်လောက်ပဲ ထည့်ထားတာမျိုးရှိပါတယ်။ တချို့တိုက်တွေမှာဆိုရင် အရေးပေါ်လှေကားက ကျိုးပဲ့နေတာမျိုး၊ ပစ္စည်းအဟောင်းတွေ စုပြုံတာမျိုး ရှိပါတယ်။ ဒါက အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အရေးပေါ်လှေကားတွေကို အဆင်သင့်အသုံးပြုနိုင်အောင် ပြင်ဆင်ထားရမှာပါ။ အထပ်မြင့်တွေမှာ နေထိုင်သူတွေအနေနဲ့ အရေးပေါ်လှေကားက ဘယ်လိုမှသုံးဖို့ အဆင်မပြေဘူးဆိုရင်တော့ ခိုင်ခံတဲ့ နိုင်လွန်ကြိုးရှည်ရှည်တစ်ချောင်း ဆောင်ထားသင့်ပါတယ်။ မီးဘေးကြုံတဲ့အခါ အောက်ဘက်ကို ခိုဆင်းနိုင်ပါတယ်။

မီးလောင်တဲ့အခါ မြင့်တဲ့အပိုင်းမှာ ဓာတ်ငွေ့တွေရှိပြီး ကြမ်းပြင်နဲ့နီးတဲ့အပိုင်းမှာ အောက်ဆီဂျင်ပါတဲ့ လေအလွှာရှိလို့ ကြမ်းပြင်မှာ တွားသွားပြီး အခန်းအပြင်ရောက်အောက် ထွက်ပါ။ ကယ်ဆယ်သူတွေ အလွယ်တကူသိနိုင်အောင် အရောင်ဖျော့တဲ့အဝတ်နဲ့ အချက်ပြပါ။ ခန္ဓာကိုယ်မှာ မီးစွဲလောင်နေပြီဆိုရင် မပြေးပါနဲ့။ ကြမ်းပြင်ပေါ်ကို လှဲချပြီး ဟိုဘက်၊ ဒီဘက်လိမ့်ပါ။ တကယ်လို့ အခွင့်သင့်တယ်ဆိုရင် လက်ကိုင်ပဝါ၊ စွပ်ကျယ် အစရှိတဲ့ အဝတ်ပါးပါးကို ရေစွတ်ပြီး နှာခေါင်းနဲ့ပါးစပ်ကို ပိတ်ထားပါ။ ဒါဆိုရင် အသက်ရှူလမ်းကြောင်းထဲကို မီးခိုးတွေ မဝင်အောင် ဟန့်တားနိုင်ပါတယ်။ မီးလောင်တဲ့အခါ ဓာတ်လှေကားကို အသုံးပြုလို့ မရနိုင်ပါဘူး။ ခေါင်မိုးပေါ် တက်ပြေးတာမျိုးမလုပ်ပါနဲ့။ မီးက အထက်ဘက်ကို လောင်ကျွမ်းလေ့ရှိတာ သတိပြုဖို့ လိုပါတယ်။ ရန်သူငါးပါးထဲမှာ ဆိုးရွားလွန်းတဲ့ မီးဘေးအန ္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ကြစေဖို့ ဆုတောင်းရင်း အဆုံးသတ်ပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top