ဟောလိဝုဒ်စတူဒီယိုတိုင်း ငြင်းဆန်ခဲ့တဲ့ရုပ်ရှင်ကို ကိုယ့်ငွေနဲ့ကိုယ်ရင်းရိုက်ပြီး အမြတ်ငွေ သန်းရာချီ ရရှိခဲ့တဲ့ မဲဂစ်ဘ်ဆန်

image.png

ခရစ်တော်စင်တင်ခံရခြင်းအကြောင်းကို အာရမိတ်၊ လက်တင်၊ ဟီဘရူးဘာသာစကားနဲ့ ရိုက်ကူးပြီး စာတန်းထိုး ပြသမယ့် မဲဂစ်ဘ်ဆန်ရဲ့ ကမ်းလှမ်းချက်ကို ဟောလိဝုဒ်စတူဒီယိုတိုင်းက ငြင်းဆန်ခဲ့ကြပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေလည်း မပါဘူး၊ ဘာသာစကားကလည်း လူသုံးနည်းတယ်၊ ပြီးတော့ ဂရက်ဖစ်ပုံတွေနဲ့ စာတန်းထိုးပြမယ်ဆိုတော့ လူစိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သူတို့က ယူဆခဲ့ကြတာပါ။

ဒါပေမဲ့ မဲလ်ဂစ်ဘ်ဆန်ကတော့ သူ့အကြံကို လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အပေါင်ထားပြီး သူကိုယ်တိုင် အမေရိကန်ဒေါ်လာ ၄၅ သန်းအကုန်အကျခံပြီး ရုပ်ရှင်ရိုက်ကူးခဲ့တယ်။ သူက ဈေးကွက်ဖြန့်ချီမှု အတွေ့အကြုံနည်းပေမဲ့ ဒီရုပ်ရှင်ကို ဖြန့်ချီဖို့အတွက် ဟောလိဝုဒ်ကို ကျော်လွှားပြီး ဘုရားကျောင်းတွေကို တိုက်ရိုက်ချိတ်ဆက်ခဲ့တယ်။

ဘာသာရေးခေါင်းဆောင်တွေအတွက် အထူးပွဲတွေ စီစဉ်ပြသတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းက ဘုရားကျောင်းတွေထံ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပြီး စည်းရုံးရေးဆင်းတယ်။ ခရစ်ယာန် ရေဒီယိုဌာနတွေ၊ ရုပ်သံလိုင်းတွေမှာ ကြော်ငြာထည့်တယ်။ ဟောလိဝုဒ်မှာ ကျင်လည်နေသူတွေ၊ ဝေဖန်ရေးသမားတွေက မဲလ်ဂစ်ဘ်ဆန်တော့ မွဲဆေးဖော်နေပြီလို့ ဝေဖန်နေတဲ့အချိန် သူကတော့ သူ့နည်းသူ့ဟန်နဲ့ ဈေးကွက်ထိုးဖောက်ဖို့ လုပ်ဆောင်နေခဲ့တာပါ။ ဘုရားကျောင်းအဖွဲ့တွေက လက်မှတ်တွေကို ရုံပြတ် ဝယ်ယူထားကြပြီး ဒီရုပ်ရှင်ကြည့်ဖို့ကို ဘုရားဖူး သွားကြသလိုမျိုး ကြိုတင်စီစဉ်ခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ The Passion of the Christ ရုပ်ရှင်ကို စတင်ရုံတင်ခဲ့ပြီး ပထမဆုံး ရက်သတ္တပတ်မှာတင် ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၈၃.၈ သန်း ရရှိခဲ့တာကြောင့် ရုပ်ရှင်လုပ်ငန်းတစ်ခုလုံး အံ့အားသင့်ခဲ့ရပါတယ်။ ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပြီး ရုံဝင်ကြေးအများဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ လပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ရုံဝင်ကြေး ဒေါ်လာ ၆၁၂ သန်း ရရှိခဲ့ပြီး ခရစ်ယာန်ဘာသာရေးဇာတ်ကားတွေထဲမှာ ရုံဝင်ကြေးအမြင့်ဆုံး နဲ့ ၂၀၀၄ ခုနှစ်ထွက် ဘာသာရေးဆိုင်ရာ ဇာတ်ကားတွေထဲမှာ ရုံဝင်ကြေးအမြင့်ဆုံး ဇာတ်ကား ဖြစ်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံထားတဲ့ငွေနဲ့ယှဉ်ရင် အမြတ်ငွေ ၁၂ ဆအထိ ရရှိခဲ့တာဖြစ်ပြီး ဟောလိဝုဒ်အသိုင်းအဝိုင်းက မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ အရာတစ်ခုကို မဲလ်ဂစ်ဘ်ဆန်က ဖြစ်အောင် လုပ်ပြနိုင်ခဲ့တာပါ။ တစ်ခါတရံမှာ မရှိဘူးလို့ ထင်ရတဲ့ဈေးကွက်က ဧရာမဈေးကွက်သစ်ကြီးတစ်ခု ဖြစ်နေနိုင်ပြီး ဈေးကွက်မရှိတာမဟုတ်ဘဲ အဲဒီဈေးကွက်ကို ကိုယ်က နားမလည်တာ ဖြစ်နေနိုင်တာကိုလည်း မဲလ်ဂစ်ဘ်ဆန်က ပြသခဲ့တာ ဖြစ်ပါတယ်။

Ref: Mel Gibson, The Passion of the Christ

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top