ငါးရှာရင်း ဒရုန်းတွေဖမ်းမိလို့ ဆုကြေးငွေ သောက်သောက်လဲရနေတဲ့ တရုတ်တံငါသည်များ

066.jpg

“ ပြည်ပထောက်လှမ်းရေးကိရိယာတွေ ဖမ်းမိတဲ့ တံငါသည်တွေကို တရုတ်နိုင်ငံက ဆုငွေချီးမြှင့်နေ တယ်”ဆိုတဲ့ သတင်းခေါင်းစဉ်က မြင်မြင်ချင်းတော့ ထူးဆန်းသလိုပါပဲ။ ဒါပေမဲ့ တရုတ်နိုင်ငံပိုင်မီဒီယာရဲ့ သတင်းခေါင်းစဉ် နောက်ကွယ်မှာ ထူးခြားပြီး ရှုပ်ထွေးတဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။ အရင်ဆုံးပြောချင်တာကတော့ အဲဒီလိုဆုကြေး ငွေရခဲ့တဲ့ တံငါသည်က ၂ ယောက်၊ ၃ ယောက် မကပါဘူး။ တံငါသည် ၁၁ ယောက်က စုစုပေါင်း ပြည်ပထောက်လှမ်းရေးကိရိယာ ၇ ခု တွေ့ရှိခဲ့ပါတယ်။ တံငါသည် ၁၁ ယောက်ထဲမှာ တစ်ယောက်ကတော့ အမျိုးသမီးပါ။ နောက်တစ်ခုကတော့ ကျင်းဆုပြည်နယ်မှာရှိတဲ့ တံငါသည်တွေက သူလျှိုဒရုန်းတွေကို တွေ့ရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းကလည်း သူလျှိုဒရုန်း (Spy Drone) (၉)ခု တွေ့ရှိခဲ့တဲ့ တံငါသည် ၁၈ ယောက်ကို ဆုကြေးငွေချီးမြှင့်ခဲ့ဖူးပါတယ်။ အဲဒီနှစ်မတိုင်ခင် တစ်နှစ်ကလည်း ဆုပေးပွဲအခမ်းအနားနဲ့ ဆုပေးခဲ့ဖူးပါတယ်။ တံငါသည်တွေကို ပေးတဲ့ဆုငွေကလည်း နည်းနည်းနောနောမဟုတ်ပါဘူး။

ယွမ်ငွေ ၅၀၀၀၀၀(အမေရိကန်ဒေါ်လာ ၇၂၀၀၀)ရှိပါတယ်။ အဲဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ ပျမ်းမျှဝင်ငွေထက် ၁၇ ဆနီးပါး ပိုများပါတယ်။ ရေအောက်ထောက်လှမ်းရေးကိရိယာတွေက ဘယ်ကနေ ရောက်လာတာလဲ။ ဘာတွေလုပ်ကြတာလဲ။ ဒါတွေက ဘာလို့အဖိုးတန်နေတာလဲ။ တရုတ်တံငါသည်တွေက ထောက်လှမ်းရေးကိရိယာ များများစားစား တွေ့ရှိခဲ့တာ ဘာကြောင့် လဲဆိုတဲ့ မေးခွန်းတွေက စဉ်းစားစရာဖြစ်လာပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ကျင်းဆု ပြည်နယ်ဟာ ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၁၀၀၀ ကျော်ရှိပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို မျက်နှာမူထားပြီး တောင်ဘက် မိုင်၅၀၀ နီးပါးအကွာမှာ တရုတ်(တိုင်ပေ) ရှိပါတယ်။ အဲဒီ ဘူမိဗေဒအခင်းအကျင်းကို ကြည့်လိုက်ရင် (အဲဒီ ဒေသတစ်ဝိုက်မှာ အမေရိကန်တွေ ဖြန့်ကြက်မှု အားကောင်းလို့) ထောက်လှမ်းရေးကိရိယာတွေကို တံငါသည်တွေ ရှာတွေ့တဲ့အကြောင်းရင်းကို ဆဝါးမိမှာပါ။ အဲဒီကိရိယာတွေ ဘယ်ကရောက်လာတာ လဲဆိုတာ တရုတ်နိုင်ငံက ထုတ်ပြောခြင်းမရှိပါဘူး။ တခြားနိုင်ငံထုတ် ပစ္စည်းတွေလို့ပဲ ပြောပါတယ်။

အဲဒီကိရိယာတွေက အမေရိကန်ရေတပ်၊ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ ဒါမှမဟုတ် ပြိုင်ဆိုင်မှုကြီးမား တဲ့ တရုတ်(တိုင်ပေ)ကနေ ရောက်လာဖွယ်ရှိတယ်လို့ ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ အကြံပေး ပုဂ္ဂိုလ် အလက်ဇန္ဒားနေးလ်က ပြောပါတယ်။ဒါဆိုရင် အမေရိကန်၊ ဂျပန်နဲ့ တရုတ်(တိုင်ပေ)တွေက ဘာတွေလေ့လာဖို့ မျှော်လင့်ထားသလဲ။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ရေတပ်က ”မောင်းသူမဲ့ရေအောက်ယာဉ်(UUVs)”လို့ လူသိများ တဲ့ ရေအောက်ဒရုန်းတွေကို သုတေသနလုပ်ဖို့ စပွန်ဆာပေးခဲ့ပါတယ်။ မောင်းသူမဲ့ရေအောက်ယာဉ် တွေကို နည်းလမ်း ၇ မျိုးအသုံးပြုနိုင်တယ်လို့ အဲဒီ သုတေသနမှာ ဖော်ပြခဲ့ပါတယ်။ ”ရန်သူ့ရေအောက် သင်္ဘောဖြစ်နိုင်တဲ့ အရာတွေကို ခြေရာခံတာ၊ အခြား နိုင်ငံတွေရဲ့ရေပိုင်နက်ထဲမှာ ရေအောက်ဗုံးတွေရှာဖွေ ရှင်းလင်းတာ၊ စောင့်ကြည့်ရေးကိရိယာတွေ ဖြန့်ကြက် တာ၊ ဆက်သွယ်ရေးကေဘယ်ကြိုးလို ရေအောက် အခြေခံအဆောက်အအုံတွေကို စောင့်ကြည့်တာ အစရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်ပါတယ်။ အဲဒီသုတေသနမှာ မောင်းသူမဲ့ရေအောက်ယာဉ် တွေရဲ့ တောင့်တင်းကြံ့ခိုင်မှုကိုလည်း မီးမောင်းထိုးပြ ခဲ့ပါတယ်။ အသေးစား မောင်းသူမဲ့ရေအောက်ယာဉ် (Glider)တွေကို လပေါင်းများစွာ ဖြန့်ကြက်နိုင်စွမ်း ရှိပါတယ်။ အဲဒီယာဉ်တွေဟာ အဆုံးရှုံးခံနိုင်လောက် တဲ့ပမာဏအထိ အကုန်အကျသက်သာပါတယ်။ အကုန်အကျသက်သာတယ်ဆိုပေမဲ့ Glider တစ်စင်း ရဲ့တန်ဖိုးက ဒေါ်လာသောင်းချီ တန်ကြေးရှိပါတယ်။ တရုတ်တံငါသည်တွေ တွေ့ခဲ့တယ်ဆိုတဲ့ သူလျှိုဒရုန်းတွေက Glider တွေဖြစ်ဖို့ များပါတယ်။ Glider တွေရဲ့ ကုန်ကျစရိတ်၊ သွားလာနိုင်တဲ့ အကွာအဝေး၊ လုပ်နိုင်စွမ်းတွေကြောင့် ရေငုပ်သင်္ဘောသူလျှိုတွေက ပိုအရေးကြီးလာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Glider အရေအတွက် ရာနဲ့ချီလိမ့်မယ်လို့ အလက်ဇန္ဒားနေးလ်က ပြောပါတယ်။

အဲဒါကြောင့်လည်း တရုတ်တံငါသည်တွေရဲ့ ငါးဖမ်းပိုက်ကွန်တွေထဲမှာ သူလျှိုဒရုန်းတွေ အဆက်မပြတ် တွေ့နေတာပါ။ တရုတ်နိုင်ငံမှာ ငါးဖမ်းသင်္ဘော အရေအတွက် တော်တော်များပါတယ်။ ဒါကြောင့် လည်း သူလျှိုဒရုန်းတွေကို မကြာခဏ ဖမ်းမိနေတာ လို့ ယေဘုယျကောက်ချက်ချနိုင်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံရဲ့ ငါးဖမ်းသင်္ဘောအင်အားစုက တခြား နိုင်ငံတွေနဲ့ မတူပါဘူး။ တရုတ်တံငါသည်တချို့က စစ်သည်တွေပါ။ သူလျှိုဒရုန်းတွေရဲ့ ထူးခြားတဲ့အလုပ် လုပ်ပုံကို ကောင်းကောင်းနားလည်လို့လည်း အဲဒီ အရာတွေကို လိုက်ရှာနေကြတာပါ။ တရုတ်နိုင်ငံ ရေကြောင်းပြည်သူ့စစ်တပ်ဖွဲ့ဆိုတာ အမျိုးသားတပ်ဖွဲ့ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့က ထူးခြားပြီး လူတွေကြားထဲမှာ ကိုယ်ယောင်ဖျောက်ထားတယ်လို့ အမေရိကန်ရေတပ်စစ်ကောလိပ်ရဲ့ ပါမောက္ခ အဲရစ်ဆင်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်စစ်တပ်မှာတော့ တရုတ်နိုင်ငံ ရေကြောင်း ပြည်သူ့စစ်တပ်ဖွဲ့က ထင်ရှားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွင်း စစ်ရေးလှုပ်ရှားမှုတွေ၊ အကျပ်ကိုင်တဲ့လုပ်ရပ် တွေမှာ ရေကြောင်းပြည်သူ့စစ်တပ်ဖွဲ့က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရင်တုန်းကတော့ ရေကြောင်းပြည်သူ့စစ်တပ်ဖွဲ့ ဟာ ကုမ္ပဏီတွေ ဒါမှမဟုတ် တံငါသည်တွေဆီကနေ စက်လှေတွေ ငှားရမ်းအသုံးပြုခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ တရုတ်နိုင်ငံက ပြည်သူ့စစ်တပ်ဖွဲ့ အတွက် နိုင်ငံပိုင်တံငါလှေတွေ တည်ဆောက်ပေးနေပုံပဲလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ စက်လှေတော်တော်များများက တံငါလှေတွေလို ပုံဖျက်ထားပေမဲ့ တရုတ်နိုင်ငံရဲ့ပြိုင်ဘက်တွေ ကို ရေတပ်ဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ စောင့်ကြည့်မှုတွေ လုပ်နေတာပါ။

”အဲဒီလှေတွေက နည်းပညာမြင့်တဲ့ မျက်မှောက် ခေတ်ငါးဖမ်းစက်လှေတွေလို့ သမုတ်ထားပေမဲ့ တကယ်တမ်းကျတော့ စစ်တပ်မှာအသုံးပြုတဲ့ လှေတွေပါ။ သစ်သားကိုယ်ထည်မဟုတ်ဘဲ သံမဏိ ကိုယ်ထည်နဲ့ တည်ဆောက်ထားလို့ တန်ချိန်လည်း များပါတယ်။ ဓာတ်ပုံတွေကိုကြည့်လိုက်ရင် ပုံမှန် ရေတပ်ကွပ်ကဲရေးစခန်းနဲ့ ထိန်းချုပ်ရေးကွန်ရက်ကို အဆက်အသွယ်လုပ်နိုင်စွမ်းရှိလို့ သူတို့က ချိတ်ဆက် ထားတာ ထင်ရှားပါတယ်”လို့ အလက်ဇန္ဒားနေးလ်က ပြောပါတယ်။ တကယ်တော့ တံငါလှေတွေဟာ အရပ်ဝတ်အရပ်စားနဲ့ လှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပြီး ကာကွယ်ရေး ဒါမဟုတ် ကင်းလှည့်စောင့်ကြည့်ရေးရဲ့ ပထမခြေလှမ်းကို မထင်မရှား ပံ့ပိုးပေးနိုင်စွမ်းရှိပါတယ်။ ”တရုတ်နိုင်ငံရဲ့ ငါးဖမ်းစက်လှေ တော်တော် များများက ပြည်သူ့စစ်ထဲမှာ ပူးပေါင်းလှုပ်ရှားနေပါတယ်။ ကျွန်တော် တွေးမိသလောက်ဆိုရင်တော့ ကျင်းဆုပြည်နယ်ရဲ့ တံငါသည်တွေက ပြည်သူ့စစ် တပ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေလောက်ပါတယ်” လို့ အလက်ဇန္ဒားနေးလ်က ပြောပါတယ်။ တရုတ်နိုင်ငံက ရေအောက်ဒရုန်းတွေ ရှာဖွေရုံတင်မကဘဲ သူတို့ကိုယ်တိုင်လည်း ရေအောက်ဒရုန်း တွေကို အသုံးပြုနေပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနားမှာ ဒရုန်းအသေးစားတွေကို တင်ဆောင်လာပြီး လွှတ်တင်ပေးနိုင်စွမ်းရှိတဲ့ မောင်းသူမဲ့ရေအောက်ယာဉ်အကြီးစား HSU001 ကို မိတ်ဆက်ပြသခဲ့ပါတယ်။ HSU001 ကို မိတ်မဆက်ခင် ငါးလအလိုတုန်းကလည်း တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ရေအောက်ယာဉ်တစ်မျိုးကို တွေ့ရှိခဲ့ဖူးပါတယ်။

ရီယူကျွန်းမှာ အင်ဒိုနီးရှားတံငါသည်တွေက တရုတ်စာသားတွေ ရေးသားထားတဲ့ မောင်းသူမဲ့ ရေအောက်ယာဉ်ကို တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ သူတို့က အဲဒီအရာကို ဒုံးကျည်လို့ ထင်မှတ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားတံငါသည်တွေ ရှာတွေ့ခဲ့တဲ့ မောင်းသူမဲ့ ရေအောက်ယာဉ်က အရှည်နှစ်မီတာရှိပါတယ်။ ”ဒါက ဒုံးကျည်မဟုတ်ပါဘူး။ ပင်လယ်ပြင်မှာ အသုံးပြုတဲ့ဒရုန်းပါ။ ရေအောက်သုတေသနလုပ်ငန်း အတွက် ဒါကို အသုံးပြုလေ့ရှိပါတယ်”လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မောင်းသူမဲ့ရေအောက် ယာဉ် စတင်လာတဲ့ဇစ်မြစ်ကို အတည်မပြုနိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ရေအောက်စောင့်ကြည့်ရေးလုပ်ငန်း (Great Underwater Wall of China)ရဲ့ တစ်စိတ် တစ်ဒေသဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယူဆထားပါတယ်။ အဲဒီအတွက် မောင်းသူမဲ့ရေအောက်ယာဉ် နည်းပညာ တိုးတက်လာလေလေ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ တံငါသည်တွေအနေနဲ့ ဒရုန်းတွေပိုတွေ့ရလာဖို့ ရှိပါတယ်။ ”ဒီဒေသမှာရှိတဲ့ ခေတ်မီရေတပ်တွေ အားလုံးက ဒရုန်းတွေရဲ့ ကင်းလှည့်စောင့်ကြည့်နိုင် စွမ်းကို တိုးချဲ့နေပါတယ်”လို့ အလက်ဇန္ဒားနေးလ်က ပြောပါတယ်။ ကျင်းဆုပြည်နယ်မှာရှိတဲ့ တံငါသည်တွေအတွက်တော့ ရေအောက်ဒရုန်းတွေက သူတို့ကို ဆုကြေးငွေရှာပေးနေတဲ့ အဖိုးတန်အရာတွေပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top